
မော်လမြိုင်၊ မေ ၂၁
၂၀၂၃ ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်း နှင့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှု၍ ရှေးဦးစွာ ဘောလုံးအသင်းများမှ ချစ်ကြည်ရေးအလံ လဲလှယ်ခဲ့ကြပြီး အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ အားပေးနှုတ်ဆက်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်း ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ကရင်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကာ ချစ်ကြည်ရေး ခြေစမ်း ဘောလုံးအားကစား ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ တတိယအကြိမ် ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ဩဝါဒခံယူခြင်း အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ နာယက မှ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊၊တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းဆိုင်ရာ ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ၊ မဟာ မင်္ဂလ ဓမ္မဇောတိကဓဇ နှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိကြသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ သင်တန်းသားကိုင်စာအုပ််များအား လည်းကောင်း၊ အလှူရှင်များမှ၊ ဘာသာ၊သာသနာနှင့် ပညာရေးလုပ်ငန်းအတွက်အလှူငွေများအား လည်းကောင်း၊ ပေးအပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့ချနိုင်ရေးနှင့် လောင်စာဆီသုံး စွမ်းအင်များ ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ “မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ်အနာဂတ်”ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည့် လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ EV Myanmar Groupမှ ဦးကျော်ကျော်ထွန်းက လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ အားသာချက်၊ အားနည်းချက်များ၊ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချမည့် လျှပ်စစ်မော်တော်ယာဉ် အမျိုးအစားများနှင့် နိုင်ငံတကာတွင် အများဆုံး အသုံးပြုနေသည့် လျှပ်စစ်မော်တော်ယာဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။











