
မော်လမြိုင်၊ မေ၂၄
ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရတနာဒေဝသာရုံ ခြင်္သေ့ကျောင်းတိုက်၊ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ကမာဝက်မြို့၊ ရတနာဒေဝသာရုံ ခြင်္သေ့ကျောင်းတိုက် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒကုမာရ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကမာဝက်မြို့၊ မြို့သူ၊ မြို့သား အလှူရှင်များမှ လေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ကြမှုအပေါ် လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အနုမောဒနာတရား နာယူကြည်ညိုခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကမာဝက်မြို့၊ အောင်တော်မူကျောင်းတိုက်၌ တည်ထားကိုးကွယ်တော်မူသော လိုရာပြည့်စုံ ကမ္ဘာလုံး စေတီတော်မြတ်ကြီးကို ဖူးမျှော်ကြည်ညို၍ စေတီတော်မြတ်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၃/ ၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အထင်ကရ တန်ခိုးကြီး ဘုရား၊ စေတီများ၊ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ဖွင့်လှစ်ထားရှိခြင်း၊ E-Visa စနစ်ဖွင့်လှစ် ခွင့်ပြုထားခြင်းဖြင့် ဝင်ရောက်လာကြသည့် ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေး ပြည်နယ်အတွင်းရှိ ဟိုတယ်မိုတယ်တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ဖော်ဆောင်ပေးရန် လိုအပ်သလို ခရီးသွားဒေသများတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာအသစ်များအား ခွင့်ပြုပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ ဧည့်လမ်းညွှန်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။










