
မော်လမြိုင်၊ မေ ၂၅
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် FIFA MFF U 15 LEAGUE 2023 ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်း နှင့် ရာမည FC အသက်(၁၅)နှစ်အောက် အမျိုးသား ဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမညFC အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့မှ အဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူ ၊ နည်းပြများနှင့် အားကစားသမားများမှတစ်ဦးချင်းမိတ်ဆက် ဂါရဝပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နယ်ပယ်စုံ ၊ ကဏ္ဍစုံဖွံဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍ အဆင့်မှီဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမှုများကို ပြည့်ဝပိုင်နိုင်စွာဖြင့် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြပြီးဟု ယုံကြည်မိပါကြောင်း၊ ပြည်နယ် ကိုယ်စားပြု အမျိုးသားဘောလုံးအသင်းများကို ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေထိုင်၊ စားသောက် စရိတ်များ ၊ ပြိုင်ပွဲဝင်ဝတ်စုံများ ထောက်ပံ့ချီးမြှင့်ငွေများကို အဖက်ဖက်က လိုလေ သေးမရှိအောင် ပံ့ပို့ချီးမြှင့်ထားပြီး အနိုင်ရရှိသော ပြိုင်ပွဲတိုင်းလည်း ဂုဏ်ပြုငွေများ ထိုက်ထိုက်တန်တန် ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓာနကျသည် ဆိုသောခံယူချက်နဲ့ မိမိပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေး အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ရာမည FC အသက် (၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်း တာဝန်ရှိသူမှ ဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်ထားမှု အခြေအနေအား လည်းကောင််း ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ရာမည FC အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အတွက် အလှူရှင်များက အလှူငွေများ အသီးသီး ပေးအပ်ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့က ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြပြီး ဂုဏ်ပြုနေ့လယ်စာအား အတူတကွသုံးဆောင်ကြခဲ့ကြသည်။










