
မော်လမြိုင်၊ မေ ၂၆
ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်မည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ RRT (Rapid Response Team) များနှင့် တွေ့ဆုံအားပေးခြင်း အခမ်းအနားကို မေလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ပြည်သူ့ကျန်းမာရေး /ကုသရေးဦးစီးဌာနမှူး နှင့်တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် အဖွဲ့များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ RRT (Rapid Response Team) များအား ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများနှင့် အစားအသောက်များကို ကူညီပံ့ပိုးပေးသွားရန် စီစဥ်ဆောင်ရွက်ထားကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုဖြစ်စဉ်အပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်တည်းနဲ့ ပြန်လည်ထူထောင်နိုင်ခြင်းမရှိဘဲ အများ “အား”ဖြင့်သာ ပြန်လည်ထူထောင်ရမှာ ဖြစ်ပြီး လူ အင်အား သာမက ငွေအင်အား၊ စိတ်ဓာတ်အင်အား၊ အစစအရာရာ အဖက် ဖက်မှ ဝိုင်းဝန်းကူညီပေးရမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိဒေသများသို့ သွားရောက် ကူညီဆောင်ရွက်မည့် ကျန်းမာရေး ဝန်ထမ်းများအားလုံးသည် မိမိကိုယ်ကျိုး မငဲ့ကွက်ပဲ သွားရောက်ကူညီပေးကြသည့်အတွက် ပြည်နယ် အနေဖြင့်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်သလို ကျေးဇူး လည်း အထူးတင်ရှိပါကြောင်းဖြင့် အားပေးအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်မည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ RRT (Rapid Response Team) များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဲဒီနောက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းမှ RRT (Rapid Response Team)သွားရောက်ကူညီဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ RRT (Rapid Response Team) များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။






