မော်လမြိုင် ဇွန် ၂၈
မွန်ပြည်နယ်တွင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)၊ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲ နှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(ICA)သို့ အဖွဲ့ဝင် နိုင်ငံအဖြစ် (၁၉၉၃) ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက် (စနေနေ့) တွင် ကျရောက်မည့် ၁၀၁ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေဖြင့် သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသား/ ကျောင်းသူ များထဲမှ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနဲ့ စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ ကျောင်းသူများကို ဆုချီးမြှင့်သွားမှာ ဖြစ်ပါကြောင်း၊ ဒီကျောင်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ကာ သင်တန်းကာလမှာ (၂)နှစ် ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ၏ စားသောက်ရေး၊ နေထိုင်ရေးနှင့် သင်ကြားရေးအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်နှင့် မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများက ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီကျောင်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ၊ အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရပ်ကို ဆက်လက် မသင်ကြားနိုင်သူများအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေး ရည်ရွယ်ပြီး သင်ကြားပေး လျက်ရှိပါကြောင်း၊ ထူးချွန်သူတွေအနေနဲ့ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာ ဆက်လက် သင်ယူခွင့်ရမှာ ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ၁၀၁ နှစ်ပြည့် ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး” နှင့်အညီ မိမိတို့အားလုံး အတူတကွလက်တွဲပြီး မိမိတို့လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်သွားကြဖို့နှင့် ကျောင်းသား ကျောင်းသူများ ကျောင်းစည်းကမ်းများကိုလိုက်နာပြီး မိမိရည်မှန်းချက် ရောက်ရှိရေးအတွက် ကြိုးစားသင်ယူကြရန် ပြောကြားသည်။
ထို့နောက် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းသား/သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သော ဆန်နှင့်ဆီကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ဆက်လက်၍ ဘာသာစုံဂုဏ်ထူးရ ထူးချွန် ကျောင်းသား/သူများနှင့် စာစီစာကုံးပြိုင်ပွဲဆုရကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းသား/ သင်တန်းသူများအားကွန်ပျူတာနှင့်စာသင်ကြားပို့ချနေမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပရာ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ တက်ရောက်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ရန် ၊စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင် ဆောင်ရွက်ရန် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးရှိ ကိန်းဂဏန်းတွေအရ မွန်ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု စုစုပေါင်း ၅၅ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၉၃၀၈၀၂.၄၂၆ နဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၇ ခု၊ အမေရိကန် ဒေါ်လာ ၅၁၃၅.၈၇၉ သန်းရှိနေပြီ ဆိုတာကိုလည်း သိရှိရပြီး ဖြစ်ပါကြောင်း၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၆၄၅၂၃.၃၄၇ နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ ၁၀ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉.၃၉ သန်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၈၆၄ ရရှိနေပြီလည်း ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်၊၊ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုသည့် ကိစ္စရပ်များနှင့် ကွင်းဆင်းဆောင်ရွက်ဝန်ဆောင်မှု ပေးခဲ့သောလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ၊ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး အကြံပြု တင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။








