Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    ဇွန်   ၂၆

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါး ပြဿနာသည် လူတစ်ဦးတစ်ယောက်ထဲ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသားအားလုံး ရင်ဆိုင်ကြုံတွေ့လာနေရတဲ့ ပြဿနာကြီးတစ်ခုဖြစ်ပါကြောင်း ၊အဲဒီအထဲမှာ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဇွန်လ ၂၆ ရက် ကျရောက်တိုင်း ကမ္ဘာနှင့်အဝန်း ဒီလိုမူးယစ်ဆေးဝါးဆန့်ကျင်တဲ့ပွဲများကို ကျင်းပပြုလုပ်သလို တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း ကျင်းပပြုလုပ်နေကြပါကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာ့နိုင်ငံများ၏ တရားဥပဒေစိုးမိုးရေး၊ လူသားမျိုးနွယ်များ ဉာဏ်ရည်မြင့် ရှင်သန်ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးတို့ကို ပိုမိုခြိမ်းခြောက်လာလျက်ရှိသည့် အပြင် လက်နက်စွဲကိုင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများနှင့် ပြည်တွင်းမငြိမ်သက်မှုတို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီမှုရဲ့ဆိုးကျိုးများ ပင်ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် အစိုးရတွေသည် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း မူးယစ်ဆေးဝါးပြဿနာကို ဘုံ ရန်သူအဖြစ်သတ်မှတ်၍ တိုက်ဖျက်ချေမှုန်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မည်သို့ပင်ဖြစ်စေ နိုင်ငံသူနိုင်ငံသားများ အနေဖြင့်လည်း မူးယစ်ဆေးဝါး အန္တရာယ်ကို ဘုံပြဿနာအဖြစ်ခံယူပြီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှု မရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး နည်းလမ်း မျိုးစုံဖြင့် ကာကွယ်တိုက်ထုတ်သွားရမှာ ဖြစ်ပါကြောင်း ဒါ့အပြင် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေး၊ အားလပ်ချိန်တွေမှာ သုတ၊ ရသစာပေများ ဖတ်ကြားနိုင်ရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ တွေကို ကျင်းပခဲ့ပါကြောင်း၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို လျင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး တို့မှလည်း  “ပွင့်သောပန်းတိုင်း လန်းစေဖို့၊ မူးယစ်ဆေးဝါးကို အမြစ်ပြတ် တိုက်ဖျက်ကြပါစို့”လို့ ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာအား မွန်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ ဖတ်ကြားပြီး ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ပိုစတာပြိုင်ပွဲ၊ကွန်ပျူတာ ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငွေသားဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ပြီး  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်း (video)ပြသကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားတက်ရောက်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြခန်းများ၊ နံရံကပ်ဘုတ်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

You may also like