မော်လမြိုင်၊ သြဂုတ် ၅
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၅ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်း အတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ပေးကြရန်၊ ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများ၊ စာသင်ကျောင်း နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားပြီးကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းကျေးရွာ ကွင်းအမှတ်(၅၈၅ က/နတ်စမ်းရွာကွင်း) ဦးပိုင်အမှတ် N – (၅၀)၊ ဧက (၄.၇၅)ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင် ဒေါ်ခင်ခင်ဦးတို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှုရရှိရေးနှင့် လျှပ်စစ် ဓာတ်အားရရှိရေး၊ Gestation pen ( ကိုယ်ဝန်ဆောင်ဝက်မထားသည့်ရုံ)-Farrowing pen( သားဖွားခန်း)၊ Nursery pen (ဝက်သားပေါက် စောင့်ရှောက်ခန်း)၊ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင် ညစ်ညမ်းမှူ မရှိစေရေး၊ သဘာဝမြေသြဇာရရှိ စေရေးအတွက်၊တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးစွန့်ခြင်းများကို စနစ်တကျ ထည့်သွင်း တည်ဆောက်သွားရေး၊ မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင်မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Gestation pen (ကိုယ်ဝန်ဆောင်ဝက်မ) ဝက်ကောင်ရေ (၂၄၀)ဝက်သိုးခန်း(၈)ခန်းပါ ရုံအား လည်ကောင်း၊ Farrowing pen( သားဖွားခန်း) ဝက်ကောင်ရေ ( ၆၀ ) မွေးမြူနိုင်သည့် ရုံအားလည်းကောင်း၊ Nursery pen (ဝက်သားပေါက် စောင့်ရှောက်ခန်း) အခန်းကြီး (၅)ခန်း၊ အခန်းငယ်(၇)ခန်း စုစုပေါင်းဝက်သားပေါက်(၄၈၀) ထားနိုင်သည့် ရုံအားလည်ကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။







