မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန် ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဖွင့်ပွဲအ ခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင််းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးမည့် ဆရာ/ ဆရာမများ၊ အစိုးရနည်းပညာတက္ကသိုလ် / ကောလိပ်/ သိပ္ပံ အသီးသီးမှ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ အကြီးအကဲ များ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း (၂၀၂၀)နဲ့ ဆောင်ရွက် နေတဲ့ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေး အခြေခံ အစားအစာ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာများ ဖြန့်ဝေရေးအစီအစဉ်အရ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန် ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းအား ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း MSMEs လုပ်ငန်းရှင်များ ထုတ်လုပ်မှုကဏ္ဍများ တိုးမြှင့်ထုတ်လုပ် လာနိုင်စေရန်၊ ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် ထုတ်ကုန်များ စီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးကွက်နှင့် အရည်အသွေးယှဉ်ပြိုင် နိုင်စွမ်းတိုးမြှင့် ပေးနိုင်အတွက် အထောက်အကူ ဖြစ်စေရန်၊ စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးနှင့် ညီညွတ်သော လူသုံးကုန်/ စားသောက်ကုန်သစ်များ တိုးချဲ့ထုတ်လုပ်လာနိုင်စေရေးနှင့်၊ သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ် လာနိုင်ရေးတို့ကို ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ဖြန့်ဝေပေးမယ့်နည်းပညာများမှာ ဒေသတွင်း အများအပြားထွက်ရှိသည့် ဓနိမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်ခြင်းဖြစ်သည့် ဓနိပိုင်၊ ဓနိလက်ဖက်ခြောက်၊ ဓနိဆေးအဆီထုတ်ယူသည့် နည်းပညာများအား လည်းကောင်း၊ ကျွဲကောမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းဖြစ်သည့် ကျွဲကောယို၊ ကျွဲကောသီးဝိုင် ထုတ်လုပ်သည့် နည်းပညာများအား လည်းကောင်း၊မင်းကွတ်သီးနှင့် ကြက်မောက်သီးဖျော်ရည် နည်းပညာ၊ Freeze Dried တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ခြင်း၊ ပိန္နဲသီး၊ ဒူးရင်းသီးခြောက်ပြုလုပ်ခြင်း၊ နည်းပညာ/Vacuum- frying အသီးအနှံခြောက်များထုတ်လုပ်ခြင်း နည်းပညာဝါးပါကေး၊ ရာဘာသစ် ထုတ်ကုန်ပြုလုပ်သည့်နည်းပညာနှင့် အုန်းသီးမှ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာများဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာမှာ မိမိတို့ ကြုံတွေ့ ရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဟန်ချက်ညီရန်တို့ အတွက် MSMEs များသည် အဓိက ဆောင်ရွက်ကြရန်လိုအပ်သလို နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်သူများအနေဖြင့် သင်ကြားပေးမဲ့ နည်းပညာတွေကို သေသေချာချာမှတ်သားပြီး ရှေ့ဆက်ပြီးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါက်တာဖြူဖြူဝင်းမှ မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဟောပြောဆွေးနွေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး မွန်ပြည်နယ် ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေး အခြေခံ အစားအစာထုတ်ကုန် ပစ္စည်း ထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ သင်တန်းသူ၊ သင်တန်းသား (၁၄၀) ဦးတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။




