Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

by Mon Editor
မွန်ပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုခံ ဘိုးဘွား များ၊ အမျိုးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ နှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အို တွေဟာလည်း ယင်းတို့မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့တာတွေကို အသိအမှတ်ပြု ကျေးဇူးတင်သောအားဖြင့် လည်းကောင်း၊ လူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုတွေဟာ အကျိုးရှိနေဆဲ၊ အကျိုးပြုအသုံးဝင်နေဆဲ ဖြစ်သည်ကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နှစ်စဉ် မပျက်မကွက် ကျင်းပဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်” သက်ကြီးရွယ်အိုများကို ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု မြှင့်တင်ရန်နှင့် လိုအပ်တဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီများပေးရန်၊ သက်ကြီး ရွယ်အိုများ ဝင်ငွေပုံမှန်ရရှိစေရန်၊ မိမိကိုယ် မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုများ လုံလောက်စေရေး လူမှုအဖွဲ့အစည်းများအား ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ ထို့အပြင် အသက်အရွယ် အပိုင်းအခြားအလိုက် သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးနိုင်ရေး၊ လူမှုအားမာန် အဖွဲ့များ တိုးချဲ့ဖွဲ့စည်းခဲ့သလို သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာ ရောက်ပြုစုစောင့်ရှောက်သော စနစ်တစ်ခု တည်ထောင် နိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ ဘိုးဘွားများ ဖြတ်သန်း ကြုံတွေ့ လာခဲ့သည့် ဘဝအတွေ့အကြုံတွေ၊ သင်ခန်းစာ၊ကျွမ်းကျင်မှုတွေသည် အနာဂတ် မျိုးဆက်သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်လို့ ယခုအတွေ့အကြုံ ကျွမ်းကျင်မှုနှင့် သင်ခန်းစာများကို မိမိတို့ လက်လှမ်းမီသလောက် လက်ဆင့်ကမ်း မျှဝေပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေး ဖြစ်စဉ်တွေမှာ ထည့်သွင်းအသုံးပြုသွားနိုင်ရေး အတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး သက်ကြီးရွယ်အိုများ ကိုယ်စား အဘိုးတစ်ဦး၊ အဘွား တစ်ဦးတို့က ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမျိုးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေများ၊ ဂါရ၀ ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။မွန်ပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဘိုးဘွား (၃၄၉) ဦးအတွက် (၁) ဦး လျှင် (၅ဝဝဝဝိ/-)နှုန်းဖြင့် စုစုပေါင်း ဂါရဝဂုဏ်ပြုငွေ (တစ်ရာခုနှစ်ဆယ့်လေးသိန်း ငါးသောင်း ကျပ်တိတိ)နှင့် ကန်တော့ခံ ဘိုးဘွား (၅၀)ဦးတွက် (၁)ဦးလျှင် (၂ဝဝဝဝိ/-) နှုန်းဖြင့် စုစုပေါင်း ဂါရဝပစ္စည်းတန်ဖိုးငွေ (ဆယ်သိန်းကျပ်တိတိ)၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငွေကျပ် (၁၅) သိန်းတန်ဖိုးရှိ ဆေးဝါး (၉) မျိုးပါ ပစ္စည်း (၅၀) အိတ်၊ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ် (ဆယ့်တစ်သိန်း ငါးသောင်း) တန်ဖိုးရှိ hygiene kit (၅၀) ပုံး၊ ပြည်နယ်မိခင်/ ကလေးနှင့် အမျိုးသမီးရေးရာမှ ကန်တော့ခံ ဘိုးဘွားများတွက် ငွေကျပ်လေးသိန်းခွဲ တန်ဖိုးရှိ စောင်အထည်(၅၀)နှင့် ခရိုင်မိခင်/ကလေး အမျိုးသမီးရေးရာမှ ငွေခြောက်သောင်းကျပ် တန်ဖိုးရှိ မျက်နှာသုတ်ပုဝါ အထည် (၅၀)၊ စုစုပေါင်း ငွေသားနှင့်ပစ္စည်းတန်ဖိုး (နှစ်ရာတစ်ဆယ့်ခြောက်သိန်းတစ်သောင်းကျပ်တိတိအား လှူဒါန်းခဲ့ပါကြောင်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်လာခဲ့တာဟာ ယနေ့ဆိုလျှင် (၅၉)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်နဲ့အညီ ရဲတပ်ဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး တပ်မတော်နှင့်အတူ လက်တွဲပူး‌ပေါင်းဆောင်ရွက်ကာ အင်တာပိုလ် အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှာ နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက်အလက်များဖလှယ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၏ ကဏ္ဍအလိုက် ရည်မှန်းချက်တာဝန်များကို ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိတာကိုတွေ့ရမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှုများအပါဝင် အမျိုးစုံသောမှုခင်းများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာမှာ ရဲတပ်ဖွဲ့နဲ့အတူ တရားစီရင်ရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသော အဖွဲ့အစည်းအသီးသီးကလည်း ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် ဖို့လည်း အထူးအရေးကြီးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမှာ ဖြစ်သလို လုပ်ငန်း အပေါ်မှာ တာဝန်ကျေပွန်စွာ မှန်ကန်မွန်မြတ်တဲ့ စိတ်စေတနာကောင်းနဲ့ ဆောင်ရွက် သွားဖို့လည်း တိုက်တွန်းလိုကြောင်း၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်နိုင်ရေးမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသလို နောက်ဆက်တွဲဆိုးကျိုးများ သိရှိဆင်ခြင်နိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ပစ်မထားဘဲ တပ်ဖွဲ့ဝင်နဲ့ မိသားစုများထံသို့ သွားရောက်ထိတွေ့ အားပေးဆောင်ရွက်ခဲ့ပြီး စားနပ်ရိက္ခာများ၊ စက်သုံးဆီနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းရွက်ခဲ့သူများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း၊ ဥပဒေကို ကိုင်တွယ်အသုံးပြုရာမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ် ရှိမှုတို့နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်ပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ပေးပို့ သဝဏ်လွှာအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေမှ ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်းလက်မှတ်များနှင့် ရာထူးအဆင့် မြင့်တိုးမြှင့်ခြင်း၊ ရဲတပ်ဖွဲ့စခန်းအလိုက်အကောင်းဆုံး စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ သင်တန်း ပညာသင် ထူးချွန်ဆုချီးမြှင့်ခြင်း၊ အိမ်ရာဝင်းများအား သန့်ရှင်းရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံအကောင်းဆုံးဆုများကို ဆုရ ပြည်နယ်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ တာဝန်သိ ဆောင်ရွက်ပေးကြသည့် ရပ်ကွက်၊ ကျေးရွာ တာဝန်ရှိသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုခွေပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့‌ကြကာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲကို မော်လမြိုင််မြို့၊ ရွှေနတ်တောင် ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်ပြည်နယ်ဝန်ကြီးများ၊ က Color ball ရိုက်ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကာ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

You may also like