
မော်လမြိုင်၊ အောက်တိုဘာ ၆
မွန်ပြည်နယ်အနေဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရာ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့ ၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးငယ်လေးများ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မာလာစေရေး အိမ်တွင်းမှု သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖန်တီးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးငယ်များလေးများ၏ အသက်မွေး ဝမ်းကျောင်း ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အတွင်း အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များဖြစ်သည့် အခြေခံနှင့် အဆင့်မြင့် အိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်း၊ ကြိမ်/ ဝါးသင်တန်းနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းများ စဉ်ဆက်မြတ်ဖွင့်လှစ်နိုင်ခဲ့ပြီး သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာကျောက်စီ သင်တန်း၊ ပန်းချီသင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး တိုင်းရင်းသူများအတွက် စက်ချုပ်နဲ့ အိမ်တွင်းမှုဘာသာရပ်များ အပြင် အခြားအသက်မွေးကျောင်း ပညာရပ်များကိုလည်း သင်ကြားပို့ချပေးခဲ့ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်အောင် အပ်ချုပ်စက်များကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေသလို အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ကြတဲ့ သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင်က အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများ ဖြစ်အောင် အစဉ်ကြိုးစားကာစူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှု၊ လုံ့လ ဝီရိယပြုမှုတို့ဖြင့် မိမိတို့ဘဝတိုးတက်သည်ထက်တိုးတက်အောင်ကြိုးစားသွားကြရန်နှင့် အိမ်တွင်းမှု ပညာရပ်များကို အသုံးချပြီး တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ဆုများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးတို့က လည်းကောင်း၊ သင်တန်းဆင်း အောင်လက်မှတ်များကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းအုပ်ကြီး ဒေါ်ညိုညိုရှိန်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသူများအား ရင်းရင်းနှီး လိုက်လံနှုတ်ဆက်၍ သင်တန်းသူများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်မွေးပညာပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင်ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကာ မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ စက်ချုပ်သင်တန်းသူ (၃၀)ဦး၊ ရက်ကန်းသင်တန်းသူ (၅)ဦး၊ စုစုပေါင်း သင်တန်းသူ (၃၅)ဦးဖြင့် တက်ရောက်အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။








