
မော်လမြိုင်၊ နိုဝင်ဘာ ၆
မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အခြေခံပညာဦးစီးဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (သုခဝတီ)တို့ ယှဉ်ပြိုင်ကစားနေမှုများအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ပူးတွဲတတိယဆု၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်ခရစ်ကက် အသင်းများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေပဒေချုပ်တို့က တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (သုခဝတီ) ခရစ်ကက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။
မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၆ ရက််နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ အမျိုးသား ခရစ်ကက် အသင်း (၆) သင်းနှင့် အမျိုးသမီး ခရစ်ကက်အသင်း (၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။












