Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ရှေးဦး ပြုစုခြင်း နည်းပြ သင်တန်းဆင်းပွဲနှင့် ရှေးဦးပြုစုခြင်း နည်းပြ (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ရှေးဦး ပြုစုခြင်း နည်းပြ သင်တန်းဆင်းပွဲနှင့် ရှေးဦးပြုစုခြင်း နည်းပြ (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ    ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီနှင့် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် ရှေးဦး ပြုစုခြင်း နည်းပြသင်တန်းဆင်းပွဲနှင့် ရှေးဦးပြုစုခြင်း နည်းပြ (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မွန်ပြည်နယ်ကြက်​ခြေနီ​​ကော်မတီတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ မွန်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာ လုပ်ငန်းတွေကို အထူးအ​လေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ​ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် ပြည်သူများကိုထိ​ရောက်စွာ ကူညီ​ဆောင်ရွက်​ပေးနိုင်သည့် ကြက်​ခြေနီအသင်းကြီး၏ စွမ်း​ဆောင်ရည်များအတွက်လည်း များစွာဂုဏ်ယူမိပါ​ကြောင်း၊ ပြည်နယ်အတွင်း မြို့နယ်ကြက်ခြေနီအသင်းခွဲအသီးသီး၌ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်အဖြစ် ဆောင်ရွက်တဲ့ ရှေးဦး ပြုစုခြင်း နည်းပြသင်တန်းနှင့် အခြားကြက်​​ခြေနီသင်တန်းများစွာကိုလည်း ဖွင့်လှစ်နိုင်ခဲ့​ကြောင်း၊ ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ် ခံယူပြီး တတ်​မြောက်ထားသည့် ပညာရပ်များနှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်​ပြီး ဆက်လက်ပြန့်ပွားအောင် ဆောင်ရွက်ပေးနိုင်ဖို့၊ ကြက်ခြေနီစေတနာ လုပ်အားရှင် နည်းပြများရဲ့ အရည်အသွေးများ၊ ကျွမ်းကျင်မှုများကို ခေတ်စနစ်နှင့်အညီ ပြုပြင်တိုးမြှင့်ပေးဖို့နဲ့ ရှေးဦးပြုစုခြင်း နည်းပြများ ထပ်မံပေါ်ထွန်း လာစေ​ရေး ​ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ ကြက်​ခြေနီ ​မောင်၊ မယ်များအ​နေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်တွေကို လေ့လာမှတ်သားပြီး ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွေနှင့် ​စေသနာ့လုပ်အားရှင်များအဖြစ် အကောင်းဆုံး​ဆောင်ရွက်ပေးနိုင်မှာ ဖြစ်​ကြောင်း၊ လူမှုကရုဏာလုပ်ငန်းများကို ကျရာ​နေရာမှ စွမ်းစွမ်းတမံဆောင်ရွက်​ပေးကြရန်နှင့် အကူအညီလိုအပ်​​နေသော ပြည်သူလူထုတိုင်းအတွက် ကြက်​ခြေနီ အခန်းကဏ္ဍက​နေ အားလုံးဝိုင်းဝန်း ပူး​ပေါင်း ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌဒေါက်တာဒေါ်တင်တင်လေးမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှေးဦးပြုစုခြင်း နည်းပြ သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများအား  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီ​နောက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းနှင့် အလှူရှင်များမှ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီထံသို့ အလှူငွေများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနားကို ယ​နေ့၊ ​နေ့လယ်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ အနုပညာ အရည်အချင်းများဖြင့် ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြ၍ ယခုလို ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများကို ပြည်နယ်ဂုဏ်​ဆောင်စွာ ထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အ​နေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များအလိုက် ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ခု၊ ၁၁ ကြေး ၇ ခု၊ နှစ်သိမ့် ၅ ခု၊ အထူးဆု ၁ ခု၊ စုစုပေါင်း ၃၂ ခု ရရှိခဲ့ပြီး မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် ​ရွှေတံဆိပ်ဆုများနှင့် မွန်တိုင်းသားရင်းသားရိုးရာယိမ်း အဖွဲ့လိုက်၊ ရှမ်းရိုးရာအက ပြိုင်ပွဲများတွင် ဆုများရှိသည့်အတွက်  အထူးဝမ်း​မြောက်ဂုဏ်ယူ အသိအမှတ်ပြုပါ​ကြောင်း၊ နိုင်ငံတော်မှ သားကောင်းရတနာ၊ သမီးကောင်းရတနာ မျိုးဆက်သစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်သလို ဗလငါးတန် ပြည့်စုံ​နေရန်အတွက် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသဖြင့် လူငယ်များ၏ အနုပညာကဏ္ဍ မြှင့်တင်နိုင်​ရေး၊ အမျိုးသား​ရေး ကိုယ်ခံစွမ်းအားများမြှင့်မား​ရေးတို့ကို ​စဉ်ဆက်မပြတ် ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်အတန်း မြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် အနုပညာရှင် လူငယ်မောင်မယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှ ကို မြတ်နိုးလေးစားတန်ဖိုးထားကာ အနုပညာစွမ်းပကားဖြင့် ​နောင်နှစ်ပြိုင်ပွဲများမှာလည်း မွန်ပြည်နယ်၏ ဂုဏ်ကို ​ဒီထက်မက  စွမ်း​ဆောင််မြှင့်တင်ပေးကြပါရန်ဖြင့် ဂုဏ်ပြုအမှာစကား ​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝါသနာရှင် ဒုတိယတန်း အမျိုးသမီး ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသော မယွန်းဝတီအောင်နှင့် အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု၊ အခြေခံပညာအဆင့် (၁၅-၂၀) အကပြိုင်ပွဲတွင် ဒုတိယဆု ငွေတံဆိပ် ဆွတ်ခူးရရှိသော စောသူထူးလှိုင်၏ ကပြဖျော်ဖြေတင်ဆက်မှု၊ အခြေခံပညာ (၁၅-၂၀) ဆိုင်းတစ်ဦးချင်း (အမျိုးသမီး) ပြိုင်ပွဲတွင်  ရွှေတံဆိပ်ဆုရရှိသော မနွေးနွေးထက်မှ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် ပြည်နယ်ဂုဏ်​ဆောင် ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ပြိုင်ပွဲဝင် အနုပညာရှင်များအား  ထပ်ဆင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သွားရောက်ဖျော်ဖြေခဲ့သော မွန်ယဉ်ကျေးမှုအဖွဲ့အား နိုင်ငံတော်မှချီးမြှင့်သော ဂုဏ်ပြုငွေကျပ်သိန်း(၁ဝဝ)အား လည်း​ကောင်း၊ မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် ​အောင်မြင်မှုရရှိ​အောင်ာစွမ်း​ဆောင်​ပေးခဲ့သည့် မင်းသားကြီး ဦးနန်းဝင်းအား ပြည်နယ်မှ ထပ်​ဆင့်ဂုဏ်ပြု ​ရွှေတံဆိပ်အား လည်း​ကောင်း ​ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ဦးနန်းဝင်းက မဟော်သဓာဇာတ်တော် ကြီးပြိုင်ပွဲတွင် အဖွဲ့လိုက် ပထမဆုရရှိသော ဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြိုင်ပွဲအတွေ့အကြုံများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီ​နောက်  ရှမ်းရိုးရာအကအလှဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြု​နေ့လယ်စာအား အတူတကွသုံး​ဆောင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်နှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် အနုပညာရှင်များအား  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

You may also like