
မော်လမြိုင်၊ နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ၊ ကြခတ်ငူကျေးရွာအုပ်စု ၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်းတွင် အများပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို လူမျိုး ဘာသာမရွေး၊ အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ထပ်မံလိုအပ်နေသော သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိပ်ခန်း၊ ဓါတ်မှန်ခန်းအဆောက်အဦးတို့အတွက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ အလှူရှင်များ တက််ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ကျေးရွာအုပ်စုသံဃနာယက ဥက္ကဋ္ဌ ၊ လက်ပံသံကျောင်းဆရာတော်ကြီးထံ ငါးပါးသီလခံံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက််လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူရှင်များက မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း အဆောက်အဦအတွက် အလှူငွေများ၊ ဘိလပ်မြေအိတ်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကာ မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း၊ မြင့်မြတ်စိတ်ထား လူမှုကယ်ဆယ်ရေးအသင်း၊ ကြခတ်ငူအုပ်စုဓမ္မစကူးလ်တို့၏ ဦးစီးပဓါန နာယက ဩဝါဒါစရိယဆရာတော်မှ အခမဲ့ဆေးခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း မြွက်ကြားခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီနောက် မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်အဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များမှ သတ်မှတ်ထားသောနေရာများတွင် နေရာယူခဲ့ကြပြီး မင်္ဂလာအချိန်တွင် မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း တိုးချဲ့အဆောက်အဦအား အုတ်မြစ်တော်ချခဲ့ကြ၍ အမွေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့၍ ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့ဆေးခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။













