
မော်လမြိုင်၊ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်အတွင်း ဆန်စပါးစိူက်ပျိုးမှုအပါအဝင် ဆီနှင့် အခြားဆီထွက်သီးနှံများအတွက် လိုအပ်သည့် စိုက်ပျိုးရေ ရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက မော်မြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ ဆိုလာတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးမှ မော်မြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာအတွင်း လက်ရှိအကျိုးပြု လယ်ဧက ၂၀ ဧကအတွက် ၁ နာရီ ဂါလန် ၃၀၀ ရေပေးဝေနိုင်မည့် (၅၅၀- W) ဆိုလာပြားများ၊ အင်ဗာတာ၊ မော်တာနှင့် ရေစုပ်ပိုက်၊ ရေထုတ်ပိုက်များဖြင့် ဆိုလာတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကတောင်သူများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုးမှုများအပြင် ဆောင်းသီးနှံနေကြာနှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းရင်းတွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီကတဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင် ရေလှောင်တမံသို့ရောက်ရှိခဲ့ကြပြီး ရေလှာင်တမံနှင့် ရေပိုလွှဲ နှင့် မြို့ရေပေးဝေရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်နယ်ာဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဌေးမှ ရွှေနတ်တောင်ရေလှောင်တမံ၏ အချက်အလက်များ၊ ဆည်ရေသောက် ရေပေးဝေနိုင်သည့် ဧရိယာ (၄၀၀) ဧက၊ မြို့ရေပေးဝေရေး တစ်ရက်လျင် ရေဂါလန် သန်း (၁.၁၉) ဂါလန်ပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရေပိုလွှဲ အမျိုးအစားများ၊ တူမြောင်းမကြီး၊ လက်တံတူးမြောင်းများနှင့် တောင်သူများအတွက် အကျိုးပြု စိုက်ဧက ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက်ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေပေးဝေရာတွင် တောင်သူများ အကျိုးပြုစေရေး အလေးထားဆောင်ရွက်ကြရန်၊ ရေလှောင်တမံ ခံနိုင်ရည်အားပေါ်မူတည်၍ ရေသိုလှောင်နိုင်သည့်ပမာဏကို အမြဲမပြတ်စစ်ဆေးတွက်ချက်ကာ ရေပိုလွှဲ၊ ရေထုတ်ပြွန်များဖြင့် စနစ်တကျ ရေပိုလွှဲထုတ်နိုင်ရေး ဆောင်ရွက်ရန်၊ နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ဆည်ရေအား ပြည့်ဝစွာ ပေးဝေနိုင်ရေး ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။






