
မော်လမြိုင်၊ နိုဝင်ဘာ ၁၈
မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၂၃-ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒိုးကလေး FC ဘောလုံးအသင်းနှင့် ရောင်နီ FCဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အသင်းများ၏ ဆုရရှိသော အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများကို ငွေသားဆုများအားလည်းကောင်း၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်ဘောလုံးအသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း အသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ရောင်နီ FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆုများအား ပေးအပ်ချီး မြှင့်ခဲ့သည်။
၂၀၂၃-ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်အတွင်းရှိ မြို့နယ်(၁၀)မှ ဘောလုံးကလပ်အသင်း (၁၅) သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင် သာသနိက အဆောက်အဦများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့စေရန် အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသပ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပရိယတ္တိဓမ္မဗိမာန်တော်ကြီးအား လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများနှင် သာသနိက အဆောက်အဦ ပုရဝုဏ်များတွင် သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေမှု ရှိစေရေး အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပရိယတ္တိဓမ္မဗိမာန်တော်ကြီးအပြင်ဖက် လမ်းဘေး ဝယ်၊ ယာ တစ်လျှောက် အမှိုက်များနှင့် မြက်များအားရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပြောင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
















