
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများနှင့် ထောက်ပံ့ငွေများပေးအပ်
မော်လမြိုင်၊ နိုဝင်ဘာ ၁၉ မွန်ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ရာတွင် ကျရာနေရာမှ စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အနေဖြင့် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျိုက်မရောမြို့မရဲစခန်းသို့ ရောက်ရှိခဲ့ကြပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင််များနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်သူလူထု၏ အေးချမ်းသာယာမှုအား ထိပါးနှောင့်ယှက်မှုများ မဖြစ်ပွားစေရေးအတွက် တပ်မတော်နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်ရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ပစ်ပယ်မထားဘဲ တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များကိုပါ သွားရောက်ထိတွေ့ အားပေးဆောင်ရွက်ခဲ့သလို လုံခြုံရေးတာဝန်ယူဆောင်ရွက်နေရတဲ့ ရဲတပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာများနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တိုင်းပြည်အတွက် လုံခြုံရေးတာဝန်ကို သက်စွန့်ကြိုးပမ်း ရွပ်ရွပ်ချွံချွံ ထမ်းရွက်ခဲ့သူများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြု ချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ရဲတပ်ဖွဲ့ဝင်များအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မိမိတာဝန်ကို အကောင်းဆုံး ကျေပွန်စွာထမ်းဆောင်သွားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်းအား စားနပ်ရိက္ခာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဲဒီနောက် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးဆွေက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ အမှတ်(၁၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့ရောက်ရှိခဲ့ကြပြီး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်း တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ပေးကြရန်၊ အကြမ်းဖက်အဖျက်အမှောက် လုပ်ငန်းများအား ကာကွယ်တားဆီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းပြည်အတွက် လုံခြုံရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်ပြည်နယ်၊ အမှတ်(၁၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲရှိ၊ တပ်ဖွဲ့ဝင်များအား စားနပ်ရိက္ခာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။









