
မော်လမြိုင်၊ နိုဝင်ဘာ ၂၀
၂၀၂၃ခုနှစ်၊ (၃၄) နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ မော်လမြိုင် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများက စည်းလုံးခြင်းအတွက် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ကျောင်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၊ခရိုင်၊ မြို့နယ် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် အစရှိတဲ့ အခွင့်အရေးတွေကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ကလေးတွေဟာ သူတို့ရဲ့အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ မျှော်လင့်ဖို့အခွင့်အရေးရှိသလို လူကြီးတွေမှာတော့ ဒီအခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိကြောင်း၊ ကလေးသူငယ် တွေဟာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုတွေရရှိပြီး ပဋိပက္ခတွေကြားမှာ မြေစာပင် မဖြစ်စေဖို့အတွက် ကလေးနှင့်ဆက်စပ်ပတ်သက်နေသူ အရွယ်ရောက်သူ လူကြီးတိုင်းက သတိထားကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပြီးကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူ ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အားလုံးဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားသည်။
အဲဒီနောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Video Clip ပြသခဲုပြီးအမှတ်(၃)နှင့် ချောင်းဆုံ မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ ဘွန္တော၊ အလှကမ္ဘာမြေ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား လည်းကောင်း၊ ပုဂ္ဂလိကမူကြို၊ ကိုယ့်အားကိုယ်ကိုးမူကြို၊ ကလေးပြုစုရေးဌာန မူကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက စပါးရယ်ဝါ၊ ထာဝရမြန်မာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် သားငယ်၊ သမီးငယ်လေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က မူကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၊ ရင်ပြင်တော်၊ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့ နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ ပရိယတ္တိပထမကျော် နှင့် ဓမ္မာစရိယငါးဘွဲ့ရဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ဧည့်ပရိတ်သတ် များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ပိဋကတ်တိုက်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ ပရိယတ္တိပထမကျော်နှင့် ဓမ္မာစရိယ ငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းရေအိုးများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘရာသုတာရာမကျောင်းတိုက်ဆရာတော် ဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇထံ အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီနောက် ဆရာတော် သံဃာတော်အရှင်သူမြတတ်များမှ ဦးဆောင်၍ ပရိတ်သတ်အားလုံးမှ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ် သံပြိုင် ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန် တိုက်တွန်းလွှာ ဂါထာကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခြင်းတို့ဖြင့် အခမ်းအနားကို ရုပ်သိိမ်းခဲ့ကြပြီး အလှည့်ကျ ပဋ္ဌာန်း ဘာဏက သံဃာတော်မှစ၍ သံဃာတော်များက မဟာပဋ္ဌာန်းဒေသနာတော်ကို (၅)ရက်တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အထက(၄)မော်လမြိုင်မှ ကျောင်းသား၊ ကျောင်းသူလေးများက ထာဝရသစ္စာငြိမ်းချမ်းရေးပန်းခင်း၊ စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ် တေးသီချင်းများဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ အားကစားအဖွဲ့များက ကွင်းအတွင်းသို့နေရာယူ၍ အားကစားသစ္စာအဓိိဌာန်ရွက်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင််းများ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ် (၁၀) မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မျိုးဆက်သစ် ပြည်နယ်လက်ရွေးစင်အားကစားသမားကောင်းများစွာ ပေါ်ထွန်းလာခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်လေးများ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစား လှုပ်ရှားမှုများမှာ ပါဝင်ကြဖို့ လိုအပ်သလို ဗလငါးတန်ဘက်စုံဖွံ့ဖြိုးအောင်၊ ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ပေးကြဖို့လည်း လိုအပ်ကြောင်း၊ အားကစားမောင်မယ်အပေါင်းတို့အနေဖြင့် ယခုကျင်းပတဲ့ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်မှအစ အဆင့်ဆင့်သောအားကစားပြိုင်ပွဲများတွင်လည်း စည်းကမ်းကျနစွာနဲ့ ကြိုးစားပြီး မွန်ပြည်နယ်ကိုယ်စားပြုမယ့် အားကစားသမားများဖြစ်အောင် ကြိုးစားဖို့လိုအပ်သလို အခြေခံပညာကျောင်းများမှ ပြုစုပျိုးထောင်ပေးခဲ့သည့် မျိုးဆက်သစ် အားကစားသမားများအဖြစ် နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ရေးနှင့် အခြေခံပညာအားကစားကဏ္ဍ တိုးတက်မြင့်မားလာစေရေး အားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန် တိုက်တွန်းအားပေးလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အမှတ်(၈) အခြေခံပညာအထက်တန်းကျေင်းမှ ကျောင်းသူလေးများက ဘင်ခရာအဖွဲ့ နှင့် ပန်းပွား အကအလှများဖြင့် လည်းကောင်း၊ အမှတ်(၂)နှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျေင်းများမှ ကျောင်းသူလေးများက Physical Fitness Dance အကဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စည်းရုံးတက်ကြွအားပေးခြင်း အကောင်းဆုံးဆုရ အခြေခံပညာကျောင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးတို့မှ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ်၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ် အခြေခံပညာ ဘောလုံးအသင်းနှင့် ချောင်းဆုံမြို့နယ် အခြေခံပညာ ဘောလုံးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ်၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ၊ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အသီသီးရှိ၊ အခြေခံပညာကျောင်းများမှ အားကစားအသင်းများက အားကစားနည်း (၇) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။






























