
မော်လမြိုင်၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ် မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ယဉ်ကျေးမှုအဖွဲ့များတက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့များရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးနှင့် မွန်ရိုးရာ သက်ဝင်ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်း အစဉ်အလာများ ဖော်ထုတ်ပြသနိုင်ရေးတို့အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား လူငယ်၊ လူရွယ်များ၏ အသိပညာတိုးပွားစေပြီး မွန်ရိုးရာ ယဉ်ကျေးမှုနှင့် မွန်တို့ရဲ့ ရှေးကျတဲ့ ဓလေ့ထုံးတမ်းများ၊ ရိုးရာယုံကြည်မှုများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဖော်ဆောင်ပေးခြင်း၊ လက်ဆင့်ကမ်းထိန်းသိမ်းခြင်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွန်တိုင်းသားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို နက်နက်ရှိုင်းရှိုင်းမြတ်နိုးခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ခြင်းကြောင့် ယင်းအစဉ်အလာကို မျိုးဆက်သစ် မွန်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်းအမွေ စနစ်တကျပေးအပ်နိုင်ရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ချောင်းဆုံမြို့နယ်၊ မွန်ယဉ်ကျေးမှုအဖွဲ့၊ တာဝန်ရှိသူမှ၊ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ ၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလို ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မတီအနေဖြင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ရင်းနှီးမြုပ်နှံသူများ လုပ်သာကိုင်သာရှိအောင်၊ စီးပွားရေးအခြေအနေ အလားလာကောင်းများရှိလာအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်၊၊
အဲဒီနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။







