
မော်လမြိုင်၊ နိုဝင်ဘာ ၂၉ ၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့ကို ကြိုဆို ဂုဏ်ပြုသောအား ဖြင့် မွန်ပြည်နယ် မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။ ရှေးဦးစွာ မသန်စွမ်းပြိုင်ပွဲဝင်အားကစားသမားများ၏ အမျိုးသား ဒူးအောက်တစ်ဖက်မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀) လေးဘီးတပ်ဝှီးချဲ့ တွန်း ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးသည်။ ထို့နောက် မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် ပြိုင်ပွဲဝင် မသန်စွမ်း အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းဆုရ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ အားပေးနှုတ်ဆက်ခဲ့သည်။ အဆိုပါ မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့က မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနည်း (၂၇) မျိုးဖြင့် မွန်ပြည်နယ်မှ မသန်စွမ်း အားကစားသမား စုစုပေါင်း (၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။











