
မော်လမြိုင် ဒီဇင်ဘာ ၁၂
၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၂ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်သည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၃ ခုနှစ်၊ မော်လမြိုင်မြို့နယ် စာဖြေဌာနတွင် အစိုးရ ဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင် သံဃာတော်များနှင့် သီလရှင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ခြင်း ပြန်လည်ကျင်းပ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်သံဃာနာယကဆရာတော်များနှင့် မြို့နယ်သံဃာနာယက ဆရာတော်ကြီးများထံ ပြည်နယ်သာသနာရေးမှူးမှ လျှောက်ထားခဲ့ရာ ကျင်းပနိုင်ရေး ဝမ်းသာအားရမိန့်ကြားခဲ့သည့်အတွက် ယခုနှစ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကိုမွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှကျင်းပသော ပရိယတ္တိစာမေးပွဲတွင် အောင်မြင်တော်မူကြသော မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယ စာအောင် သံဃာတော်(၅၁)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း (၅၃)ပါးနှင့်ပထမပြန် စာအောင်သံဃာတော်(၈၁၁)ပါး၊ သီလရှင်(၇၁)ပါး၊ စုစုပေါင်း (၈၈၂)ပါး၊ စာအောင်သံဃာတော်နှင့် သီလရှင် စုစုပေါင်း(၉၃၅)ပါး တို့အား စာအောင်ဆုများ ချီးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန် တော်ကြီး၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မော်လမြိုင်မြို့နယ် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းအသီးသီး ကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သည့်အတွက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးသို့ တက်ရောက် လာကြသည့် လုပ်ငန်းကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြုံပြု တင်ပြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်သာသနာရေးမှူးက (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်းအတွက် ဆောင်ရွက်မှုအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။




