မော်လမြိုင် မတ် ၁
၂ဝ၂၅ – ခုနှစ် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမည အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ် ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်မျိုးသားလုံး ကျန်းမာ သန်စွမ်းသည့်လူငယ်၊ လူရွယ်များဖြစ်စေရန် နှင့် နိုင်ငံတော်ကိုချစ်သည့် စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့်စိတ်ဓာတ်များ မြင့်မားလာစေရန် အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျောင်းများ၏ အားကစား ပြက္ခဒိန်ထဲတွင် အားကစားပြိုင်ပွဲများနှင့် အားကစားနှင့် သက်ဆိုင်သည့် Activities များ ထည့်သွင်းရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားသင်တန်းများ ဖွင့်လှစ် ပေးခြင်း ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးလျက် ရှိသလို တက္ကသိုလ် ကောလိပ် သိပ္ပံ ၊ ကျောင်းများ အ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဘောလုံးအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ဘောလုံးသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊နိုင်ငံလက်ရွေးစင် ဘောလုံးသမားများ မွန်ပြည်နယ်မှ မွေးထုတ် ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ေဆာင်ရွက်ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများကလည်း ချမှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီးများကလည်း ဘက်လိုက်မှု ကင်းစွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားကာ ဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင် တက္ကသိုလ် ဘောလုံးအသင်းနှင့် နည်းပညာတက္ကသိုလ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဝန်ကြီးချုပ်ဖလား တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၈ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများသည် တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းများ ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသဖြစ်ပြီး ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများစုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများ ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျောက် လမ်းလျှောက်ခြင်းများ လာရောက်လုပ်ဆောင်လေ့ရှိသဖြင့် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပပြီး လေကောင်းလေသန့်ရရှိရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရး၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ သန့်ရှင်းသာယာလှပရေး အလေးထားကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




