မော်လမြိုင် မတ် ၃
မွန်ပြည်နယ်တွင် လူငယ်များကာယ၊ ညဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို အခြေခံကျနားလည်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လူအဖွဲ့အစည်းကို ပညာရေးနဲ့ ဟန်ချက်ညီညီ တည်ဆောက်နိုင်ရေးအတွက် အားကစားက အထောက်အကူပြုပြီး၊ မျိုးဆက်သစ်လူငယ်များကိုလည်း ဗလ(၅)တန်နဲ့ ဟန်ချက်ညီစွာဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း မွန်ပြည်နယ်အတွင်း နွေရာသီအခြေခံအား ကစားသင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက်များတွင် ပြည်နယ်အဆင့်အားကစားနည်း (၁၁) မျိုး၊ ခရိုင်အဆင့် အားကစားနည်း (၇) မျိုးနဲ့ မြို့နယ်အဆင့်အားကစားနည်း (၃) မျိုး ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများ အားကစားကို စိတ်ပါဝင်စားစွာ တက်ရောက်လာကြသည့် အတွက် အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့်သွားကြရန်နှင့် နည်းပြများမှ လည်း သားငယ်/သမီးငယ် သင်တန်းသား/သင်တန်းသူများအား မိမိမှာရှိသည့် ပညာရပ်များကို စနစ်တကျ သင်ကြားပေးပြီး ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံ ကြိုးစား၍၊ အားကစားနဲ့ မွန်ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင် သူများဖြစ်လာအောင် ကြိုးစားသင်ယူ လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းအတွက် လိုအပ်သည့် အားကစားပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ အားကစားနည်းပြတစ်ဦးကလက်ခံပြီး မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ကပေးအပ်သည့်အားကစားပစ္စည်းများကို လူမှုရေးရာဝန်ကြီးကလက်ခံရယူသည်။ဆက်လက်ပြီး မြန်မာ့သိုင်း၊ ကရာတေး၊ ဟော်ကီအားကစားနည်းများဖြင့် သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အားကစားနည်း (၁၁) မျိုးဖြင့် မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူ (၆၂၉) ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရသည်


