မော်လမြိုင်၊ မတ် ၄
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်းအခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊မိသားစုဝင်များနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အလာတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်များ ဖြင့် ရောင်းချပေး နေမှုအပေါ်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ သား/ ငါးနှင့် အခြားစားသောက်ကုန်များကို အများပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် လယ်ယာ၊ သားငါး၊ ကုန်ထုတ်ကဏ္ဍများ ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်မှ အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးအတွက် အဓိကကျသည့် လက်ရှိဆောင်ရွက်လျက်ရှိသည့် မဲစာရင်းမှန်ကန် စေရေးအား ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်းမှာရှိသည့် အသက်(၁၈)နှစ်အထက် အတည်ပြု လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း ကြီးကြပ်မှုဗဟို ကော်မတီနဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်မြေပြင်ကွင်းဆင်း ကောက်ယူရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူခဲ့သည်မှာ ယခုဆိုလျှင် (၂)နှစ် ရှိပြီဖြစ်ကြောင်း၊ ဒါ့အပြင် အကြမ်းဖက်သမား၏ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု များကြောင့် တိုက်ပွဲရှောင်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာနေသူများ (ဘုန်းကြီးကျောင်း၊ ယာယီခိုလှုံရေးစခန်း၊ ဆွေမျိုးသားချင်းများရှိသည့် အတွက် ရပ်ကွက်/ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများ၊ အခြားနည်းဖြင့် နေထိုင်သူများ) စာရင်းများကောက်ယူ၍ သီးခြားပြုစု ထားရှိရန် လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူထားသော လူဦးရေစာရင်းများအား လက်ရှိအခြေအနေနှင့် ကိုက်ညီမှန်ကန်စေရေး ပြန်လည်စစ်ဆေးနိုင်ရန် အတွက် လစ်လပ်နေသော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဆောလျင်စွာ ခန့်ထားနိုင်ရေးဆောင်ရွက်သွားရန် လိုကြောင်း၊
တာဝန်ရှိသူများအနေဖြင့် ယခုအစည်းအဝေးမှာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းခြင်း၊ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ ဌာနဆိုင်ရာအသီးသီးက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက် ပေးရန်နှင့် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စများ ရှိပါက ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်းမှ မဲစာရင်းမှန်ကန်စေရေး နှင့်မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လည်းကောင်း၊ ကြီးကြပ်မှု ကော်မတီ၊ အဖွဲ့ဝင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူးက မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုအမှတ်စဥ်များဖြည့်သွင်းခြင်းနှင့်မြေပြင်နေထိုင်မှုစိစစ်ခြင်းလုပ်ငန်းဆိုင်ရာလူဦးရေစာရင်းများ မှန်ကန် စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ကြီးကြပ်မှု ကော်မတီ၊ အတွင်းရေးမှူး မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့မှ ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။




