မော်လမြိုင် မတ် ၁၂ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်ယနေ့နံနက်ပိုင်းက (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မော်လမြိုင် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ (၄)ခန်းတွဲ(၄)ထပ် သူနာပြုအိမ်ရာအဆောက်အဦ သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က မော်လမြိုင်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၏ (၄)ခန်းတွဲ(၄)ထပ် သူနာပြုဝန်ထမ်း အိမ်ရာ အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်ပွားအဖွဲ့တို့အားဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်၍ အဆောက်အဦသစ်ရှိ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပြီး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများဟာ အရေးကြီးသော အခန်း ကဏ္ဍမှာ ပါဝင်နေ၍ကျန်းမာရေးဝန်ထမ်းများအားလုံး နေရေးထိုင်ရေး မပူမပင်မိသားစုနှင့် အတူတကွ တာဝန်ထမ်းဆောင်ရပါက လုပ်ငန်းခွင် ပျော်ရွှင်ပြီး စိတ်အေးချမ်းသာစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှလည်း ဝန်ထမ်းအိမ်ရာများ ခွင့်ပြု ပေးလျက်ရှိရာ မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၏ (၄)ခန်း တွဲ(၄)ထပ် သူနာပြုဝန်ထမ်းအိမ်ရာကို (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာနှစ်ရဲ့ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက် ခဲ့ကာမော်လမြိုင်မြို့မှာ တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုများရဲ့ နေထိုင်မှုဘဝအဆင်ပြေစေရေး အတွက် (၆၅ပေခွဲ × ၆၂ ပေ)RC (၄) ခန်းတွဲ (၄)ထပ် သူနာပြုအိမ်ရာ အဆောက်အဦ ကို (၇-၆-၂၀၂၄) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီးယခုကဲ့သို့ ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်ရာမှာ စံချိန်စံညွှန်းပြည့်မီ စေဖို့နဲ့ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးခဲ့တဲ့ အဆောက်အဦ အထူးအဖွဲ့ (၁၃)ကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြမယ့် နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ အိမ်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ အိမ်ခန်းများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားကြဖို့လိုအပ်သလိုအိမ်ခန်းများကို သန့်ရှင်း သပ်ရပ်မှုရှိဖို့နဲ့ ပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် ပန်း အလှပင်များ တပိုင်တနိုင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ယင်းနောက် အဆောက်အဦသစ် အချက်အလက်များအား အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ရှိသူက လွဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်ကျမ်းမာရေးဦးစီးမှူးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်


