မော်လမြိုင် မတ် ၁၂ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သည် အစိုးရအဖွဲ့ဝင်များနှင့်အတူ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများ နွေ၊မိုး၊ဆောင်း သီးနှံစိုက်ပျိုးနိုင်၍ စားရေရိက္ခာဖူလုံစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောက်လုပ်ခဲ့သည့် ကရင်ဝင်းစိန်ရေထိန်းတံခါး ဖွင့်ပွဲအခမ်းအနားသို့ ယနေ့ နံနက်ပိုင်းက တက်ရောက်ပြီး ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနုတ် မြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် ပြုပြင်ခြင်း၊ ပင်လယ် ဒီရေဝင်ရောက်နိုင်သော ဒေသများမှာ ရေငန်တားတာများ၊ တံခါးများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးတောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေကို ရာသီမရွေး ရရှိလာမည်ဖြစ်ကာ နွေသီးနှံ၊ ဆောင်းသီးနှံ၊သီးထပ်သီးညှပ်များကိုပိုမို စိုက်ပျိုးလာနိုင်မှာ ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာအုပ်စုနှင့် မုကွဲကျေးရွာ အုပ်စုရှိ ကရင်ဝင်းစိန်ရေထိန်းတံခါးမှာ (၆’x၆’)အရွယ်အစား (၅)ပေါက် ပါရှိပြီး လယ်ယာမြေများသည် နှစ်စဉ်ရေကြီးပြီး ရေငန်နှင့်နုန်း ဝင်ရောက်မှု နွေအခါတွင် ချောင်း အတွင်း ရေငန်များသည် လယ်ယာမြေများ အတွင်း စိမ့်ဝင်မှု၊ မိုးရာသီတွင် နုန်းများပျော်မကျမီ ရေကြီးမှု၊ထိုသို့ သောဆိုးကျိုးများ လျော့နည်း ပပျောက်စေရန် အတွက် ရေထိန်းတံခါး တည်ဆောက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရေထိန်းတံခါးဆောက်လုပ်ပေးခြင်းနှင့် ပတ်သက်၍ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် တာဝန်ရှိသူများက ကရင်ဝင်းစိန်ရေထိန်းတံခါးအား ဖွဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကရင်ဝင်းစိန်ရေထိန်းတံခါးအသစ်အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့၍ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ဒုံးအဖွဲ့နှင့် မွန်ယဥ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ကရင်ဝင်းစိန်ရေထိန်းတံခါးကို မိုးစပါးလယ်မြေ (၁၃၅၁)ဧကအား ပင်လယ်ရေငန် ဝင်ရောက်မှု၊ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရန်နှင့် ရေချိုသိုလှောင် ထိန်းသိမ်းနိုင်ရန် အတွက် ကရင်ဝင်းစိန်ချောင်း ရေခေါ်မြောင်းမကြီးအလျား ပေ(၄၇၀၀)နှင့် Slide Gate ၅ချပ်ပါ အုတ်သံကူ ကွန်ကရစ် ရေထိန်းတံခါး အမျိုးအစားကို ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း (၅၃၀) ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများး တက်ရောက်၍ ပြိုင်ပွဲဝင်များ၏ ကာယဗလ၊ ကာယကြံ့ခိုင်မှုနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးများက (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် အငယ်တန်း၊ အကြီးတန်းကာယဗလ ပြိုင်ပွဲတွင် ဆုရရှိ ကြသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ရာမညမောင်ဆုရရှိသူအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် ဆု ရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကာ ပြိုင်ပွဲဝင် ကာယဗလမောင်များ၊ လှယဉ်ကျေးမယ်လေးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။




