ချောင်းဆုံ မတ် ၁၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မတ်လ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက (ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း(စိန်မြတောင်အပိုင်း)ကတ္တရာလမ်း) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ် ၊ ခရိုင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်တိုင်းရင်းသူများက မွန်ရိုးရာအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း)ကတ္တရာလမ်းကို အသုံးပြု၍ ရွာလွတ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း (၁၉)ရွာ ၊အိမ်ခြေပေါင်း (၈၆၃၀)အတွက် မော်လမြိုင်သို့ဆက်သွယ်သွားလာကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့်အပြင် ဘေးကင်း လုံခြုံစွာ မောင်းနှင်နိုင်ရန်အတွက် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူး(မြို့ပြ)မှ လမ်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း)ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကတ္တရာလမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


