မော်လမြိုင် မတ် ၁၈
၂၀၂၅ခုနှစ်မတ်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဆရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ မွန်ရိုးရာယိမ်းအဖွဲ့နှင့် ကရင်ဒုံယိမ်းအဖွဲ့တို့၏ ကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အဆင့်မြင့်ငါးဈေးသစ် တည်ဆောက်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြတ်အဏ္ဏဝါမင်း ကုမ္မဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာက လုပ်ငန်းဆိုင်ရာစာရင်းအချက်အလက်များအား လွဲပြောင်းပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ငါးစျေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မော်လမြိုင်မြို့၊ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် မော်လမြိုင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ရတနာထွန်းငါးဈေးမှာ မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင် တည်ရှိနေသည့်အပြင် ရောင်းဝယ်ဖောက်ကားမှု စည်ကားလာသည့်အတွက်“အနံ့အသက်များထွက်ခြင်း၊ ရေခဲရေသုံးစွဲမှု များကြောင့် ကတ္တရာလမ်းပျက်စီးမှုများဖြစ်ပေါ်လာခြင်း၊ ငါးကား အဝင်/အထွက်နှင့် ငါးပုံးများကြောင့် ယာဉ်သွားလာမှု၊ ယာဉ်ရပ်နားမှု အခက် အခဲများရှိလာခြင်းတို့ ဖြစ်ပေါ်လာခဲ့ကာ အဆိုပါငါးဈေးကို မုပွန် တိုးချဲ့ အိမ်ရာမြေ အဖြစ်အသုံးပြုရန် လန(၃၉)ခွင့်ပြုခဲ့ပြီးဖြစ်သည့် ဧရိယာအတွင်းရှိ မြေဧရိယာ (၁၁.၀၇၈)ဧကအတွင်း ပြောင်းရွှေ့ နိုင်ရေးအတွက် စီမံကိန်းပထမပိုင်းလုပ်ငန်းများအနေဖြင့် (၂၄’x၃၀’) ငါးဈေး ဆိုင်ခန်း (၆၀)ခန်းနှင့် (၁၂’x၁၅’) ကြက်ဈေးဆိုင်ခန်း (၈)ခန်းတည်ဆောက်ခြင်း၊ရတနာတွန်းငါးဈေးပြောင်းရွှေ့ရာတွင် အဆင်ပြေစေရန်အတွက် အဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်း၊ ရေရှိရေး၊ Tranformer တည်ဆောက်ခြင်းနှင့် ပြင်ပလျှပ်စစ်မီး ရရှိရေးတို့ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကာယခုဖွင့်လှစ်ခဲ့သည့် မော်လမြိုင်ငါးဈေးသစ်ကြီးအတွင်း ငါးရောင်း ချရာမှာ မရှိမဖြစ်လိုအပ်သည့် ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံတည်ဆောက်ထားရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက် သွားရန် စီမံထားရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း က မော်လမြိုင်မြို့ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဥ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် မလိုလားအပ်သည့် အသံများ ဆူညံမှု မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ၊ ဆရာမ များ၊ ဌာနဆိုင်ရာများဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၅၀) ဦး စာရင်းရှိပြီး၊ ယနေ့ (ဒုတိယ)နေ့ အဂ်လိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၈၉၇၂) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅.၉၆)ရာခိုင်နှုန်း ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။



