မော်လမြိုင် မတ် ၂၁
ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် ၂၀၂၅ခုနှစ် မွန်ပြည်နယ်၊ မြို့နယ်(၈)မြို့နယ်စဉ်ဆက်ပညာရေး လုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ ၂၁ရက်နေ့ မွန်းလွဲပိုင်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ နည်းပြနှင့် ကြီးကြပ်သူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်၊ စဉ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေး လုပ်ငန်းကို မွန်ပြည်နယ် မြို့နယ်(၈)မြို့နယ်ရှိ စာသင်ဝိုင်း(၅၈၃)ဝိုင်း၊ စာသင်သား(၇,၈၄၁)ဦးကို ကြီးကြပ်သင်ကြားပေးခဲ့ကြသော နည်းပြ (၆၁၆)ဦးနှင့် ကြီးကြပ် (၇၀)ဦး၊ စုစုပေါင်း (၆၈၆)ဦးတို့အား ဂုဏ်ပြုသော အခမ်းအနားဖြစ်ကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် သင်ကြားရေး လုပ်ငန်းကို(၁.၂.၂၀၂၅)ရက်မှ(၃၁.၃.၂၀၂၅)ရက်နေ့အထိ သင်ကြားခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းစဉ် (၆) ရပ် ဖြစ်သော စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေ တိုးပွားရေး အစီအစဉ်၊ ဘဝသာယာရေးအစီအစဉ်၊ တစ်ဦးချင်းဝါသနာပါရာ လုပ်ငန်း အစီအစဉ်၊ အနာဂတ်ဦးတည်ပညာရေးအစီအစဉ်၊ တန်းညှိအစီအစဉ်တို့ဖြင့် သင်ကြား ပေးခဲ့ကြောင်း၊ စာမတတ်သူ ပပျောက်ရေးအတွက် စေတနာအနစ်နာခံပြီး မိမိရဲ့ မူလစာသင်ကြားရေးအပြင် အားလပ်တဲ့ အချိန်တိုအတွင်းမှာ အကျိုးရှိစွာဖြင့် စေတနာအပြည့်ဖြင့် သင်ကြားပေးကြတဲ့ နည်းပြနှင့်ကြီးကြပ်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် မြို့နယ်(၈)မြို့နယ်၏ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ်ပညာရေးမှူးရုံး ကိုယ်စား ပြည်နယ် ပညာရေးမှူးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။
ထို့နောက် စဉ်ဆက်ပညာရေးလုပ်ငန်း ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းသင်ပညာရေး (Formal Education) ကဏ္ဍများကို အလေးထား ဆောင်ရွက်သကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေး နည်းလမ်းဖြင့် မသင်ကြားခဲ့ရသူများအတွက် ကျောင်းပြင်ပပညာရေး(Non-Formal Education) နည်းလမ်းများဖြင့်ပါ သင်ကြားသွားနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ပညာရေးဝန်ကြီးဌာနသည် နိုင်ငံသူနိုင်ငံသားများအားလုံး ပညာ သင်ကြားခွင့်ရရှိရေးအတွက် ကျောင်းသင်ပညာရေး နည်းလမ်းဖြင့် မသင်ကြားခဲ့ရသူများအား သင်ယူခွင့် မဆုံးရှုံးရအောင် ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် တတ်နိုင်သမျှ လုပ်ဆောင် ပေးနေပါကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အနီးကပ် စီမံပေါင်းစပ် ပံ့ပိုးပေးမှု၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လှုမှုရေး အသင်းအဖွဲ့များ၊ ရပ်ရွာအတွင်းရှိ စေတနာရှင် အလှူရှင်များ အပါအဝင် ပညာရေးနဲ့ ဆက်နွှယ်ပတ်သက်သူများ (Stakeholders) အားလုံးက တတ်စွမ်း သမျှ ပူးပေါင်းပါဝင် ပေးမှုတွေ ပိုမိုလိုအပ် နေပါကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မွန်ပြည်နယ် မြို့နယ်(၈)မြို့နယ်၏ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပံ့ပိုးကူညီဆောင်ရွက်ခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် ကိုယ်စားပြု နည်းပြနှင့် ကြီးကြပ်ကိုယ်စားလှယ် များအား လည်းကောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူ တက်ရောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သား(၂)ဦးအား ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်း မှတ်တမ်းဆောင်ရွက်မှု Video Clipအား ပြသ၍ ပြည််နယ် ဝန်ကြီးချုပ်နင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။



