မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း က မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)ရှိ စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဥ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် မလိုလားအပ်သည့် အသံများ ဆူညံမှု မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊မျိုးဆက်သစ် နိုင်ငံ့ သားကောင်း သမီးမွန်များအားလုံး ကျော်ဖြတ်ရသည့် အရေးကြီးသည့် တက္ကသိုလ်ဝင် စာမေးပွဲဖြစ်၍ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျရာအခန်းကဏ္ဍက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ၊ ဆရာမ များ၊ ဌာနဆိုင်ရာများဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၅၀) ဦး စာရင်းရှိပြီး၊ ယနေ့ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၈၉၇၀) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅.၉၄)ရာခိုင်နှုန်း ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


