မော်လမြိုင် မတ် ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အနာဂတ် တေလူဂူ လူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် တေလူဂူလူမျိုးတို့၏နှစ်ကူးအကြို ညစာစားပွဲအခမ်းအနားကို မတ်လ ၂၃ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တေလူဂူလူမျိုးများ၏ (အူဂါးဒီး) နှစ်သစ်ကူးအထိမ်းအမှတ် မင်္ဂလာ ဆီမီးတိုင်အား မင်္ဂလာဆီမီးဂါထာ ရွတ်ဆို၍ ထွန်းညှိပူဇော်၍ ဂါယတြီ မန္တာန် (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တေလူဂူ လူမျိုးများဟာဆိုရင်ဖြင့် Telegana (တလင်္ဂဏ) တိုင်းသားများ ဖြစ်ကြပြီး ရှေးဘုရားရှင်လက်ထက်တော် ကတည်းကစ ရာမညတိုင်းသားများနှင့် ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရှိခဲ့ကြောင်း၊တေလူဂူ လူမျိုးများသည်လည်း မြန်မာ့မြေ ပေါ်တွင် ညီရင်းအစ်ကို စိတ်ထားဖြင့် အေးအတူပူအမျှ အတူတကွ ယှည်တွဲနေထိုင်လာခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ကြောင်း၊
မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တေလူဂူ မိသားစုဝင်များ အားလုံး ညီညီညွတ်ညွတ် တက်ညီလက်ညီ တစ်ပေါင်းတစ်စည်းတည်း နှစ်သစ်ကူးညစာစားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေသည်ကို ကြည့်ခြင်း အားဖြင့် မွန်ပြည်နယ်အတွက်လည်းများစွာဂုဏ်ယူမိကြောင်း၊ တေလူဂူ နှစ်သစ်ကူးကို ယူ ဂါး ဒီး ” Ugadi ဟုလည်းခေါ်ဆိုကြပြီး မြန်မာပြက္ခဒိန်အရ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း ( ၁ )ရက်နေ့ရောက်တိုင်း တေလူဂူ လူမျိုးများသည် နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပလေ့ရှိကြ ကြောင်း၊နှစ်သစ်မှစ၍ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ နွေးထွေးခြင်း၊ ညီညွတ်ခြင်း အစရှိသော လောကပါလတရားများ ထွန်းကားပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တေလူဂူ သမီးငယ်လေးများမှ တေလူဂူရိုးရာ ဆီမီးခွက်အကအလှ ဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး အမှတ်တရ ဂုဏ်ပြုခြုံပုဝါနှင့် မင်္ဂလာပန်းကုံးများ ဆင်မြန်းခဲ့ကြကြောင်း သိရှိရသည်။



