မော်လမြိုင် မတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၉)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက “တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်” ဟူသော ရည်မှန်းချက်နှင့်အညီ အခြေခံပညာရပ်များအတွက် နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်း ကိုဖွင့်လှစ်ပြီး ပညာသင်ယူမှု အခွင့်အလမ်း နည်းပါး ခဲ့တဲ့နယ်စပ်ဒေသက တိုင်းရင်းသား လူငယ်များအတွက် အခြေခံပညာ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊မွန်ပြည်နယ်တွင် လူငယ်သင်တန်းကျောင်း (၂) ကျောင်းကို သထုံနဲ့ ရေးတို့မှာဖွင့်လှစ်ထားရှိပြီး အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း (၂)ကျောင်းကို မုဒုံနဲ့ ရေးတို့မှာ ဖွင့်လှစ် ထားပြီး တိုင်းရင်းသူလေးများကို အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်နဲ့ မွန်ရိုးရာရက်ကန်း ဘာသာရပ်များ သင်ကြားပို့ချ ပေးလျက်ရှိရာ မုဒုံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း ကို ၂၀၀၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှုသင်တန်း တက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း တက် ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်းတက်ရောက်ပြီးသူ ၉ ဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၂၇၉ ဦး၊ မွန်ရိုးရာ လက်ရက်ကန်း သင်တန်းတက်ရောက်ပြီးသူ ၉၉ ဦး၊ စုစုပေါင်း သင်တန်းသူ ၂၅၅၂ ဦး ကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကာ သင်တန်းဆင်း သင်တန်း သူများထဲမှ အထည်ချုပ်စက်ရုံများမှာ လုပ်ကိုင်နေသူ ၅၅ ဦး၊ လက်မှုပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူ ၅၃ ဦး၊ မိမိနေရပ်ဒေသတွင် စက်ချုပ်ပညာနှင့် အသက်မွေး ဝမ်းကျောင်းပြုနေသူ ၁၃၅၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ယခင်ကအိမ်တွင်းမှု သင်တန်းများကို ရက်သတ္တပတ် (၁၈)ပတ်သာ ဖွင့်လှစ်ခဲ့သော်လည်း ယခု နောက်ပိုင်းမှာတော့ သင်တန်းဆင်း သင်တန်းသူများ လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ပြီးတော့ အလုပ်အကိုင် ရရှိရေး၊ လုပ်ငန်းခွင်သို့ ချက်ချင်းဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းခွင် လိုအပ်ချက်အတိုင်း ထပ်မံလေ့ကျင့် သင်ကြားပေးနိုင်ရေးအတွက် ယခုအခါ ရက်သတ္တပတ် (၂၂)ပတ်ကြာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊အိမ်တွင်းမှုသင်တန်းကျောင်းများကို စဉ်ဆက် မပြတ် အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်ဖွင့်လှစ်မယ့် သင်တန်းများကိုလည်း ယခုလိုဘဲ အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးမှ ထူးချွန်ဆုရသင်တန်းသူတစ်ဦးအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ကာသင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်ရာ အဝတ်အထည်နှင့် လက်မှုအနုပညာပစ္စည်းများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


