မော်လမြိုင် မတ် ၃၀
မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၇၅)ကြိမ်မြောက် စိန်ရတု (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖွင့်လှစ်ကာ ဦးညွှတ်အလေးပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် YMBA အသင်းများက ကြီးမှူးပြီး ကျောင်းသား/သူများ၊ သားငယ်/သမီးငယ်များအနေနှင့် မြတ်ဗုဒ္ဓဟောကြားခဲ့သည့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဖြစ်တော်စဉ်များ၊ ကျင့်ဝတ်နီတိများကို သင်ကြားနာယူခဲ့ကြပြီး စာမေးပွဲအသီးသီးကို ဝင်ရောက်ဖြေဆိုပြီးထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အငယ်တန်းအဆင့်၊ အလတ်တန်းအဆင့်၊ အကြီးတန်းအဆင့်တို့မှာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော သားငယ်/သမီးငယ်များကို ဆုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းယူကြမည့် လူငယ်/လူရွယ်များအနေဖြင့် ယခုလို ငယ်ရွယ်စဉ် ကာလမှာ လိမ္မာရေးခြားရှိရန်၊ အသိပညာဗဟုသုတကြွယ်ဝရေန်၊ ကိုယ့်အမျိုးဘာသာ၊ သာသနာအကြောင်း သိရှိနားလည်ပြီး ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် လူ့လောကတွင် ကျင်လည်ကြစဉ်မှာ သင်ကြားဆည်းပူးထားသည့် လောကနီတိများကို လိုက်နာကျင့်ကြံကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးကြည်သိန်းက အမျိုး၊ ဘာသာ၊ သာသနာ ပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားပြီး အလှူရှင်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တေးသံရှင်မြပန်းစံအိမ်မှ “ရာမညတိုင်းဆီလာခဲ့ပါ” သီချင်းဖြင့်ဖျော်ဖြေပြီး ရွှေတံဆိပ်ဆုများရှင် မင်းနိုင်စိုးနှင့် သမီးငယ်လေးများမှ မွန်တို့သင်္ကြန်” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အကြီးတန်းနှင့် အကြီးတန်း(ထူးချွန်ဆု)၊ အလတ်တန်းနှင့် အလတ်တန်း(ထူးချွန်ဆု)၊ အငယ်တန်းနှင့် အငယ်တန်း(ထူးချွန်ဆု)ရရှိသူများ၊ နှုတ်ဖြေပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း နာယကနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


