Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြေငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြေငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်     ဧပြီ  ၁
၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ဝ၂စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့သည့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက  ၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့၊ ဒေသ စံတော်ချိန် ၁၂နာရီ ၅၁မိနစ်ခန့်က လှုပ်ခတ်ခဲ့သော အင်အားရစ်(ချ်)တာ စကေး(၇.၇)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း ဒေသကြီးတို့ရှိ ပြည်သူများ၊ ရဟန်းသာမဏေ၊ သီလရှင်များ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်းများ၊ ဘုရားစေတီပုထိုးနှင့် ဘာသာရေး အဆောက်အအုံများ၊ လမ်းတံတားများ၊ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ စေတနာရှင် အလှူရှင်များ စုပေါင်း၍ အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနား ဖြစ်ကြောင်း၊ ယခု မွန်ပြည်နယ်မှလည်း ငလျင်ဘေးသင့်ဒေသဖြစ်သည့် မန္တလေးမြို့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်ကိုကိုလတ် ဦးဆောင်သော အင်အား(၃၀)ဦး၊ (၅)တန် ကရိန်းယာဉ်၁ စီးကို (၃၁-၃-၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ မော်လမြိုင်မြို့မှ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ (၅)ဦး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးအား ၂၉-၃-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ (၁၃)ဦး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီးအား ၃၀-၃-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ စုစုပေါင်းအင်အား (၄၈)ဦး၊ ယာဉ် (၅)စီးတို့အား အသီးသီးစေလွှတ်ပြီး ဖြစ်ကြောင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည့် မြို့မိမြိုဖ စေတနာရှင် အလှူရှင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ကိုယ်ပိုင်ကျောင်းများအားလုံးကို လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်ကုသရေးဌာန၊ မီးသတ် ဦးစီးဌာန၊ လူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လိုအပ်ပါက သွားရောက် ကူညီနိုင်ရေးအဆင့်သင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊  စေတနာအလှူရှင်များလည်း စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်းနှင့် မြန်မာနိုင်ငံသူ/ သားများ အားလုံး အမြန်ဆုံးအေးချမ်း သာယာပါစေကြောင်း ပြောကြားသည်။
ထို့နောက်  ဒေသခံကုမ္မဏီလုပ်ငန်းရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂ဝ၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁မိနစ် ၊ ၀၂စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကာ ဦးညွတ်ဂါရဝပြုခဲ့ကြသည်။
ယင်းနောက် မြို့မိမြိုဖ စေတနာရှင်၊ အလှူရှင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်အနေဖြင့် မြေငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်း အလှူငွေ ကျပ်သိန်း တစ်သောင်းကျော်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

You may also like