မော်လမြိုင် ဧပြီ ၂
မွန်ပြည်နယ်အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေ ပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၃/ ၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှု ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပ ရေး၊ တည်းခိုသည့်နေရာ၊ ဒေသထွက်အစားအသောက်များကို အဆင့် မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်ခြင်း၊ ခရီးစဉ်ဒေသ ရုပ်သံရိုက်ကူးခြင်း နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရေးအတွက် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ပြယုဒ်များ ပိုမိုကောင်းမွန်စေရေး အတွက် ဆောင်ရွက်ထားသင့်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ ဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံဖြိုးတိုးတက် လာမှာဖြစ်သည့်အတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလိုင်စင် ဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ၊ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ခရီးသွား လုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


