မော်လမြိုင် ဧပြီ ၃
၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်သောကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကူးပြောင်းသော အချိန်အခါသာမယ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံထမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊စတုဒီသာ ကျွေးမွေးခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများဖြင့်နှစ်သစ်ကိုဖြတ်သန်းကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ (၁/ ၂ဝ၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်(၂၅)မျိုးအနက် (၆)မျိုးကို ကောက်ခံရမှာဖြစ်ပြီး ငွေကျပ်ဘီလီယံ(၈,၀၀၀)ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးကောက်ခံရမည့် ပမာဏ၏ (၈၆%)ဖြစ်ကြောင်း ၊မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် (၃၁-၃-၂၀၂၅)ရက်နေ့အထိ အခွန်အရပ်ရပ်လျာထားချက် ကျပ်သန်းပေါင်း (၂၁၆၂၉.၀၁၄)အပေါ် ကျပ်သန်းပေါင်း (၂၆၆၈၂.၇၉၅) ကောက်ခံရရှိနိုင်သည့်အတွက် ၁၂၃.၃၇ % ဖြင့် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခဲ့ပြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာငွေစာရင်းသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဝေစု(၅၃၁၄.၈၇၆)သန်းကို လွှဲပြောင်း ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း သတ်မှတ် လျာထားချက်များအား ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြချက် များအပေါ် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အနေဖြင့် မိမိပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း တာဝန်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ကောက်ခံသည့် အခွန်အကောက်များ အပြည့်အဝကောက်ခံနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အခွန်ဦးစီးဌာနမှူးက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခြင်း အတွက် သုံးသပ်ခြင်းနှင့် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအမံကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော မွန်ပြည်နယ်အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များက အခွန်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


