မော်လမြိုင် မေ ၂၇
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်မှနိုင်ငံဂုဏ်ဆောင် ပိုက်ကျော်ခြင်း အားကစားသမား ကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်း အားကစားသမားများ အားလုံး မြို့နယ်အဆင့် ခရိုင်အဆင့် ပြည်နယ်အဆင့်မှ နိုင်ငံလက်ရွေးစင်ဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း၊ အားကစားအောင်မြင်မှုဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့ အတွက် ပိုက်ကျော်ခြင်းအားကစားနှင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် မျိုးဆက်သစ်ကစားသမားများဖြစ်အောင် ဇွဲ ၊ စိတ်ဓာတ် အပြည့်နဲ့ နည်းပြ၊ ဆရာသမားများ၏ သင်ကြားလေ့ကျင့်မှုကို တသွေမတိမ်း လိုက်နာပြီး ဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစားအဆင့်အတန်း အနာဂတ်မှာ ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်အောင် ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးရမှာဖြစ်ပြီး ပြည်နယ်ဂုဏ်သာမက နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားပြီးပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ကျိုက်ထိုမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့် မုဒုံမြို့နယ် အမျိုးသားပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ ၂၇ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


