Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

by admin

မော်လမြိုင် မေ ၂၈

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)နှင့် မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအပ်နှံနိုင်ရေး လာရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပုံနှပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ခဲ့ပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ မကြာမီကာလအတွင်း ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ခြင်များပေါက်ဖွားမှုမရှိစေရေးအတွက် အမှိုက်များ၊ မြက်များ၊ ချုံနွယ်များ စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးနှင့် ခုံများအား ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်း စာကြည့်တိုက် နှင့် မုဒုံမြို့   အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်းရှိသုတရတနာ စာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်း  စာကြည့်တိုက်၌ ကျောင်းသား/သူများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဥ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဆုရကျောင်းသား/သူများအား ဆုများ ချီးမြှင့်ပေးအပ်ကာ ပြည်နယ်စာကြည့်တိုက် များဖောင်ဒေးရှင်းဥက္ကဋ္ဌက စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။  

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ သည် မုဒုံမြို့အမှတ်     ( ၂ )အခြေခံပညာအထက်တန်းကျောင်းရှိ  သုတရတနာ  စာကြည့် တိုက်တွင် ကျောင်းသား/ သူများက ကံဆိုးမှုကို ငြင်းပယ်ပါ ၊ ချမ်းမြေ့မှုကိုရွေးချယ်ပါ၊ လူငယ်တွေ ကို လျော့မတွက်ပါနဲ့၊ ရည်ရွယ်ချက်အတွက် အချိန်၊ အမှိုက်ထုပ် သီအိုရီခေါင်းစဥ်များ ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းနှင့်ပန်းချီပြိုင်ပွဲ ကျင်းပနေမှု တို့ကို ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများအား ဆုလက်ဆောင် များ‌ ပေးအပ်၍ ကျောင်းစာကြည့်တိုက် အတွက် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းက လှူဒါန်းသည့်စာအုပ်စာစောင်များအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူ ခဲ့ပြီးစာအုပ်စာစောင်နှင့်အသိပညာပေးနံရံကပ် ပိုစတာပြသထားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။ 

You may also like