မော်လမြိုင် မေ ၂၉
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်း ဓမ္မာရုံ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းဖွင့်ပြီ” သီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိသည့်အခြေခံပညာကျောင်းများ အားလုံး၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၂)ရက်နေ့ မှ ဇွန်လ (၁)ရက်နေ့ထိ သတ်မှတ်ထားကာ ”ကျောင်းနေအရွယ်ကလေး အားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် သင်ယူနိုင်ရေး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက်နှစ်စဉ်နှစ်တိုင်း ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အားကြိုးမာန်တက် စည်းရုံးလှုပ်ရှားဆောင်ရွက်လျက် ရှိကြောင်း၊ ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက် နိုင်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာ ဆက်လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ (အထက်တန်း)စက်မှုနည်းပညာ ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေး အတတ်ပညာ စသည့် ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မှာဖြစ်ပါကြောင်း၊အခြေခံ ပညာကို ဆုံးခန်းတိုင် သင်ယူနိုင်ရန်နှင့် ပညာ သင်ကြားရန် ခက်ခဲသောကလေးများကို ပစ်ပယ်မထားဘဲ ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ရေး တို့အတွက် အကျိုးဆောင်များ၊ ကျောင်းသားမိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့က ဝိုင်းဝန်း ကူညီပံ့ပိုး ဆောင်ရွက်ပေးကြစေလို့ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ကျောင်းအပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်မှ ဆရာ၊ဆရာမများက “ စာသင်ကျောင်းကခေါင်းလောင်းသံ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ၊ ကျောင်းဝတ်စုံများနှင့် အလှူရှင်များမှ လှူဒါန်းသော ရေဗူး၊ ကျောပိုးအိတ်များနှင့် ထီးများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မွန်ပြည်နယ်၊ ၂ဝ၂၅ – ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ် ပညာရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာမျပြန်လည်ပေးအပ်၍ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက”အနာဂတ်လူရည်မွန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက အမှတ်(၉)အခြေခံပညာအထက်တန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသို့လာရောက် အပ်နှံသောကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ရေဗူးနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။



