မော်လမြိုင် မေ ၂၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့် ဆင့်ရှိဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ ထီးနှင့် ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံးရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်မှ ကျောင်းနေအရွယ်ကလေးအားလုံးမသင်မနေရ အခြေခံ ပညာများကိုသင်ယူနိုင်ခွင့်ရစေရန် ဖန်တီး ဖော်ဆောင်ပေးလျက်ရှိရာ အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ပေးနေသကဲ့သို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက် နိုင်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊မိဘများအနေနဲ့ မိမိတို့သား/ သမီးများကိုမိမိတို့ထက် ပို၍တော်သော သား/သမီးများဖြစ်အောင် ပညာရည် ထူးချွန်ထက်မြက်ပြီးဘာသာတရားကို လေးစားတန်ဖိုးထားတတ်သူဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပြီးသား/သမီးများကလည်း မိဘရဲ့ကျေးဇူးကို တုံ့ပြန်သောအားဖြင့် ပညာရေးပိုမိုထူးချွန် ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ တက္ကသိုလ်အဆင့်/ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေသော သား/ သမီးများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ပညာသင်ထောက်ပံ့ငွေကျပ်(၃၆၅၀၀၀၀)အား ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့သည်။
ယင်းနောက် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်အဆင့်/ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းတို့၌ ပညာသင်ကြားနေသော သားငယ်/ သမီးငယ်များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာသင်ထောက်ပံ့ငွေ၊ ထီး(၇၃)လက်နှင့် ဗလာစာအုပ်(၇၃)ဒါဇင်အား ပေးအပ်ချီးမြှင့်ခဲ့ပြီး နည်းပညာတက္ကသိုလ်တက်ရောက်နေသူ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။




