Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

by admin

မော်လမြိုင်  ဇွန်  ၃
 
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဇာတ်တိုက်လေ့ကျင့်ခြင်း တွင်ပါဝင်သော ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်သည်။
 
ရှေးဦးစွာရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း စတင်ဆောင်ရွက်ရာ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သော ဒေသများရှိ နေထိုင်သူများအား ရွှေ့ပြောင်းခြင်း၊ ရေစီးနှင့်အတူ မျှောလာသူများကိုကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများ၌ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဆေးဝါးကုသမှုနှင့် စားရေးရိက္ခာများဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု အားပေးခဲ့သည်။
 
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်းဘေးအန္တရာယ်နှင့်  အဖွဲ့ဝင်များအား ယနေ့ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု(Global Climate Change)ဖြစ်စဉ်များကြောင့် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ (၁.၅)ဒီဂရီစင်တီဂရိတ် တိုးမြှင့်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ စုစုပေါင်းလူဦးရေ သန်း(၂၃၀)ခန့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေရပြီး ပျမ်းမျှလူဦးရေ ၈၅၀၀၀ ခန့် အသက်ဆုံးရှုံးလျှက်ရှိတာကို IPCC (Intergovernmental Panel on Climate Change) ဖော်ပြထားကြောင်း၊  မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ကြုံတွေ့လာသည့်အခါများမှာလည်း လေ့ကျင့်ဇာတ်တိုက်ထားသည့်အတိုင်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Man Power, Equipment Power and Technical Power ဆိုသည့် လူ့စွမ်းအား၊ ပစ္စည်းကိရိယာ စွမ်းအား၊ နည်းပညာစွမ်းအားတို့ကိုလည်း ဟန်ချက်ညီညီဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘေးဖြစ်ပွားစဥ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ လုပ်ငန်းကော်မတီ အသီးသီးမှစုစည်း ညီညွတ်စွာဖြင့် ကျရာအခမ်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
 
ဆက်လက်၍ မုန်တိုင်းဘေးအန္တရာယ်နှင့်ရေဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအဖွဲ့ဝင်များအား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၏ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ အသက်ကယ်လှေများ၊ စုဆောင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

You may also like