မော်လမြိုင် ဇွန် ၅
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျ လာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ်(၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက််ရေး အဖွဲ့ဝင်များ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျေးရွာသုံး ထင်းစိုက်ခင်းတစ်ရွာ(၂)ဧက မန်ဂျန်ရှား စိုက်ပျိုးခဲ့သည့် အပင်များ၏ ရှင်သန်အောင်မြင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းနေသောအပင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် သဘာဝသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောပြုန်းတီးမှုများလျော့ချနိုင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတု၏ ပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေရှိစေဖို့ သစ်တောများပြုစု ထိန်းသိမ်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများဟာ အလွန်ထိရောက်ပြီး ကုန်ကျ စရိတ်သက်သာကာ လူတိုင်းလူတိုင်း အလွယ်တကူ ဆောင်ရွက်နိုင်ရုံမက ချက်ချင်းနေရာမရွေး ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီ အလိုက် ဖူးပွင့်နိုင်တဲ့အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စတဲ့အပင်အမျိုးမျိုးကို အစီအစဉ်တကျ စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးပြီးအပင်များ ကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်နဲ့ အောင်မြင်အောင် ဆောင်ရွက်ဖို့လည်း အလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ယနေ့အခမ်းအနားတွင် သစ်မျိုး (၈)မျိုး၊ အပင်အရေအတွက် (၁,၀၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကာ အဖိုးတန်သစ်မျိုးတွေ၊ ဒေသမျိုးရင်း သစ်မာသစ်မျိုးတွေ၊ ရာသီအလိုက် ဖူးပွင့်နိုင်တဲ့အပင်တွေ၊ ကြီးမြန် သစ်မျိုးတွေ၊ အမြဲစိမ်းသစ်မျိုးတွေ၊ အရိပ်ရသစ်မျိုးတွေ အမျိုးအစား စုံလင်စွာ တွေ့ရှိနိုင်ပြီး အစီအစဉ်တကျ စိုက်ပျိုးသွားမှာ ဖြစ်ကြောင်းပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မိုးရာသီ စိုက်ပျိုးမည့် အပင်များအား စိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ ပျဥ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မယ်ဇယ် စသည့်သစ်ပင်အမျိုးအစားများအား တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ဝင်များ ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့်၊ အများပြည်သူများမှတစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်လာကြသူများအား အာဟာရမုန့်များ ပေးဝေခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီအတွင်း ပြည်နယ်တစ်ဝန်းလုံးမှာ သစ်ပင် စိုက်ပျိုးပွဲတော် (၁၄)ကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သစ်ပင်ပေါင်း (၉,၃၄၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ကာ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များကို သစ်မျိုး (၁၈)မျိုးနဲ့ ပျိုးပင်ပေါင်း (၃)သိန်းကိုသစ်တောဦးစီးဌာန (အမြဲတမ်း) ပျိုးဥယျာဉ်များမှတစ်ဆင့် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။





