မော်လမြိုင် ဇွန် ၅
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒီနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်သိမ်းရေးနေ့ ဆောင်ပုဒ်ဟာ ပလတ်စတစ် ညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့ နှိုးဆော်ထားခြင်းဖြစ်ကာ လူသားတို့ဟာ ပလပ်စတစ်ကို ပုံစံမျိုးစုံနဲ့ သုံးကြပြီး စနစ်တကျ လည်းစွန့်ပစ်မှု မရှိတဲ့အခါ သဘာဝတရားကြီးရဲ့ ဂေဟနစ်ကို ပျက်စီးစေပြီး လူသားတို့အတွက် ဆိုးကျိုးများတဲ့ ပလပ်စတစ်ကို အသုံး မပြုဖို့၊ မသုံးလို့မဖြစ်ရင် လျှော့သုံးဖို့၊ ပြန်လည်သုံးစွဲဖို့၊ စနစ်တကျ စွန့်ပစ် ဖို့၊ ပြန်လည်အသုံးပြု (Recycle) ဖို့ လိုအပ်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းချုပ်ရာမှာ အစိုးရတစ်ခု၏ တာဝန်သာမကဘဲ ပြည်သူလူထုအားလုံး တာဝန်သိသိထမ်းဆောင်ဖို့ လိုအပ်သလို လူတစ်ဦးချင်းစီမှ ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများ ကို လျော့နည်းလာအောင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် ယိုယွင်းမှု၊ ညစ်ညမ်းမှုမရှိဘဲ သဘာဝသယံဇာတ အရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ကာ ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးသွားကြရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အထက်တန်းအဆင့်ကျောင်းဆု ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ကျောင်းများအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော မူလတန်းအဆင့်ကျောင်းဆု ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ကျောင်းများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောကျေးရွာဆုနှင့် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဖော်ဆောင်မှု အားအနည်းဆုံးကျောင်း အထက်တန်းအဆင့် (၄) ကျောင်းတို့အား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုပြသခြင်း၊ အမျိုးသားအဆင့် သန့်ရှင်းရေးစိန်းလန်းစိုပြည်သောကျောင်းဆုရရှိသည့် ကျောင်းများ၏ ဗီဒီယိုပြသနေမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်းများအား လှည့်လှည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။





