မော်လမြိုင်၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ်အတွင်း တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်နှင့် သဘာဝမြေဩဇာရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကို ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် နည်းပညာတက္ကသိုလ်၊ ရွှေဇီဝသဘာဝမြေဩဇာစက်ရုံသို့ရောက်ရှိ၍ ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စသည့်စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝမြေဩဇာသည် မြေဆီမြေနှစ်၊ အထွက်နှုန်းပိုမို ကောင်းမွန်စေကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် မြေဩဇာကို အရည်သွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ဒေသခံတောင်သူများကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးစေလိုကြောင်း၊ သဘာဝမြေဩဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုစိုက်ပျိုးခြင်းကို အားပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ရွှေဇီဝသဘာဝမြေဩဇာစက်ရုံတာဝန်ခံ ဒေါက်တာခင်ဆွေအေးမှ သဘာဝမြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ တောင်သူများကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ရေး ပညာပေးလုပ်ငန်းများ၊ ဈေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှု ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေနှင့် ပတ်သက်၍ ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ပအစားထိုးသွင်းကုန်များကို မိမိတို့ပြည်နယ်အတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာပြီး ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ဖော်ဆောင်၍ ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက်ထုတ်လုပ်စေခြင်းတို့ကို အထူးအလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေမည့် လုပ်ငန်းများကို Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေး အခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအခွင့်အလမ်းများရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အဲဒီနောက် တက်ရောက်လာသူများမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။





