မော်လမြိုင်၊ အောက်တိုဘာ ၇
မွန်ပြည်နယ်အတွင်း တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိမ်တွင်းမှု သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် အသက်မွေးဝမ်းကျောင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ဒေသနေပြည်သူအားလုံး၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ကဏ္ဍစုံ၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်လည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး တိုင်းရင်းသူများအတွက် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းများအပြင် သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာကျောက်စီ သင်တန်း၊ ပန်းချီသင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အခြားအသိပညာအတတ်ပညာများ လေ့လာဆည်းပူးနိုင်ရေးအတွက် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ယနေ့အထိ သင်တန်းကျောင်းမှ သင်တန်းသူ ၂၃၉၂ ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်အောင် အပ်ချုပ်စက်များကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေသလို အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ သင်တန်းသူများအနေနဲ့ မိမိတို့ အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစားကာ စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှုမျာဖြင့် မိမိဒေသသို့ ပြန်လည်ရောက်ရှိပါက တတ်မြောက်ကျွမ်းကျင်ထားသည့် အိမ်တွင်းမှု ပညာရပ်များကိုအသုံးချ၍ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ဆုများအသီးသီးချီးမြှင့်ကာ သင်တန်းသူများအား ရင်းရင်းနှီး လိုက်လံနှုတ်ဆက်၍ သင်တန်းသူများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်မွေးပညာပစ္စည်းများကို အားပေးကြည့်ရှုသည်။
ဆက်လက်၍ မွန်ပြည်နယ်၊ ၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “တို့ဆရာ” တေးသီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ဖတ်ကြားပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဆု ရရှိသူများ၊ ဆောင်းပါး စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများမှ ထူးချွန်ဆုများ အသီးသီးချီးမြှင့်၍ ကျိုက်မရောမြို့နယ်မှ ဆရာ၊ ဆရာမများက “မြတ်ဆရာ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကာ ဂုဏ်ပြုတေးသီချင်းသီဆိုပေးသောအဖွဲ့များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး ဆရာကြီး၊ ဆရာမကြီးများကို ဂါရဝပြု လိုက်လံနှုတ်ဆက်သည်။















