Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနား တက်ရောက်၊ မြို့သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေး၊ မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန်မြန်မာနိုင်ငံသားများကို လှိုက်လဲနွေးထွေးစွာ ကြိုဆို

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနား တက်ရောက်၊ မြို့သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေး၊ မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန်မြန်မာနိုင်ငံသားများကို လှိုက်လဲနွေးထွေးစွာ ကြိုဆို

by Mon Editor

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလ    ရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၏ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ သံလွင်ဥယျာဥ်၊ တောင်ဘက်ကွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများမှ သတ်မှတ်နေရာအသီးသီး  တွင်နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ယဉ်ကျေးမှု အစဉ်အလာပွဲတော်တစ်ခုဖြစ်တဲ့ ထမနဲထိုးပြိုင်ပွဲကို မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ ကောက်ဦးပေါ်စ တပို့တွဲလဆန်းအချိန်မှ လပြည့်နေ့ တိုင်အောင် နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပြီး ယနေ့ ထမနဲထိုးပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်အသင်းများမှ တက်ကြွစွာ ပါဝင်ပြိုင်ပွဲဝင်ကြတာကို မြင်တွေ့ရတဲ့ အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အေးချမ်းသာယာတဲ့ တပို့တွဲကာလမှာ စိတ်ဓါတ်အင်အားကို ပိုမို တက်ကြွမှု ရရှိစေရန်၊ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်မှုများကို ပြသတဲ့ ပွဲတော်တစ်ခုဖြစ်သလို ကောင်းမြတ်တဲ့ရသတွေ များစွာ မြင်တွေ့ နိုင်မှာဖြစ်ပြီး တက်ညီလက်ညီ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထမနဲပွဲတော်ဟာလည်း သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်ယူသွားရမယ့် အဓိပ္ပါယ်အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေ ထဲက တစ်ခုဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုစတဲ့ အခြေခံကောင်းတွေနဲ့ အတူ တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အချက်ပေးမောင်းကို တီးခတ်၍ ထမနဲထိုးပြိုင််ပွဲကို ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်များမှ တပျော်တပါး ပါဝင်ဆင်နွှဲ ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများ၏ ထမနဲထိုး ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ သစ်တောဦးစီဌာန ကိုယ်စားပြု ပြိုင်ပွဲဝင် ထမနဲထိုး အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ ဆုများချီးမြှင့်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးမှ အထူးဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများ၊  ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အကောင်းဆုံး ပြိုင်ပွဲဝင် ထမနဲထိုး အသင်းများကို ဆုများအသီးသီး ချီးမြှင့် ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာနိုင်စေရေး အလို့ငှာ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ရိုးတန်းလမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရန်၊ မြို့နယ်များအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရှိစေရန်နှင့် မြို့၊ ရွာ ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်း နိုင်ငံ တွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား တို့အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိနေအိမ်များသို့ အမြန်ဆုံး ပို့ဆောင်ပေးရန်နှင့် အလှမ်း ဝေးသည့်နေရပ်များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင် ပေးရန် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ ၅၂ ဦးအား မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ပို့ဆောင် ပေးခဲ့မှုအပေါ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန်မြန်မာနိုင်ငံသားများကို လှိုက်လဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန်မြန်မာနိုင်ငံသားများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ စနစ်တကျနေရာ ချထားပေးခြင်း၊ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့များအသီးသီးသို့ ဘေးအန္တရာယ်ကင်း ရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် ပို့ဆောင်ခဲ့ပေးခဲ့ကြသည်။

You may also like