
မော်လမြိုင်၊ ဖေဖော်ဝါရီ ၇
၂ဝ၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များတက်ရောက်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို မွန်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြန်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို အနှစ်သာရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း နှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများ ကျင်းပပြုလုပ်မည့်အပြင် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီမံဆောင်ရွက်ထားရှိရန် လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့လာသော စံလုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ဆောင်ရွက်သွားရန်နှင့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။