
မွန်ပြည်နယ်အတွင်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိစေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာတွင် အများပြည်သူများ သွားလာနေထိုင်မှုအဆင်ပြေမွေ့စေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မတ်လ ၁၅ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ် သွားရာလမ်းတစ်လျှောက် လမ်းတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လမ်းဘေးဝဲ၊ ယာ လူသွား စင်္ကြန် (ပလက်ဖောင်း) တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်နေမှုအခြေနှင့် ပတ်သက်၍ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းသန့်ရှင်းသာယာ၊ လှပစေရေး၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာမှုရှိစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မုဒုံမြို့နယ်၊ ကွမ်တာကျောင်းဟောင်း သုံးထပ်ကျောင်းဆောင်သစ် နဝရတ်ကိုးပါး အုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ကွမ်တာစံပြကျေးရွာ၊ ကွမ်တာကျောင်းဟောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ သာသနဝေပုလ္လရာမ ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဦးပါလိ မဟာထေရ်မြတ်ထံ ဧည့်ပရိတ်သပ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးများက ဩဝါဒစကား မြွတ်ကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဲဒီနောက် ကွမ်တာကျောင်းဟောင်း သုံးထပ်ကျောင်းဆောင်သစ်
ဆောက်လုပ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ သတ်မှတ်ထားသောနေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် အုတ်မြစ်တော်များချခဲ့၍ အမွေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ ဆရာတော်၊ သံဃာတော်များက ဘဝတု သဗ္ဗ မင်္ဂလံ သုံးဂါထာကို ရွက်ဆိုပူဇော်ခဲ့ကြသည်။
မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်၏ ကုန်းတော်အနီးတွင်သာသနာအလုပ်အကျွေးပြု ရတနာဆင်တော် အဆောင်တော်အပ်ပွဲ မင်္ဂလာအခမ်းအနားကို နေ့နံနက်ပိုင်းက သမိုင်းဝင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်၏ ကုန်းတော်အနီး ရတနာဆင်တော်ထားရှိနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် ဝိနယပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ပရိတ်ရေ၊ ပရိတ်ပန်း၊ နှင့် နံ့သာ(၉)မျိုး၊ အမွှေးကင်နံ့သာဖလားများအား ဆက်ကပ်ခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ဆောင်ရွက်ခဲ့ကြကာ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ငရုတ်သီးမှုန့်လုပ်ငန်း) မိသားစု ရတနာဆင်တော် အဆောင်တော်၏ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဲဒီနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့မှ အနန္တရာယိက ကမ္မဝါစာ ဖတ်ကြားပေးခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ အလှူရှင်များက သာသနာအလုပ်အကျွေးပြု ရတနာဆင်တော်နှင့် အဆောင်တော်အား ပရိတ်ရေ နံ့သာ(၉)မျိုး၊ အမွှေးရည်များ ပက်ဖြန်းပေးခဲ့ကြပြီး သနာအလုပ်အကျွေးပြု