မော်လမြိုင်၊ မတ် ၃၀
မွန်ပြည်နယ်အတွင်း သဘာဝဘေးနှင့် ပတ်သက်၍ ထိရောက်ကျယ်ပြန့်စွာ အသိပညာပေးနိုင်စေရန်၊ သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများမှာပြည်သူများ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြုင်မြို့၊ ပညာရေးဒီကရီကောလိပ်၊ ရာမညဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များမှ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘေးအန္တရာယ်တွေကို ဖြစ်ပွားလာမှ ရင်ဆိုင်တုံ့ပြန်တာထက် ဘေးမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းကောင်းများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပွားလာခဲ့ပါက ထိခိုက်ဆုံးရှုံးမှုအများဆုံး ဖြစ်ပွားနိုင်တဲ့ ဘေးအန္တရာယ် တစ်ခုလည်း ဖြစ်သလို ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာ ရောက်ကြောင်း၊ ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ များအပါအဝင် အားလုံးဝိုဝန်း ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၃ခုနှစ်မွန်ပြည်နယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ရာ မြန်မာတို့၏ရိုးရာ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို အနှစ်သာရရှိရှိဖြင့် ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များဖြင့် ပြည်သူများပျော်ရွှင်စိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရေးဆောင်ရွက်သွားစေလိုကြောင်း၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
