
မော်လမြိုင်ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကျနေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ် ၀န်ကြီးများသည် ဧပြီလ ၁၄ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်၌ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များမှ၊ပျော်ရွှင်စွာ ရေကစားခြင်း၊ တိုင်းစစ်ဌာနချုပ် မော်လမြိုင်/မုဒုံတပ်နယ်မှ သင်္ကြန်ယိမ်းအဖွဲ့ များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မွန်ပြည်နယ် ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ အများပြည်သူများ ရေပက်ခံထွက်ခြင်းများ၊ လှပျိုဖြူလေးများ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများ၊ ခေတ်ပေါ်တေးဂီတ ဝိုင်းတော်သားများနှင့် တေးသံရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေစင် အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မွန်မင်းလမ်းအပန်းဖြေနာနေစခန်း သင်္ကြန်မဏ္ဍပ်တွင် လည်းကောင်း၊ မုဒုံမြို့၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင်လည်းကောင်း အများပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများ၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် သံဖြူဇရပ်မြို့၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ၊ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း တပ်ရင်း၊ ရေကစားမဏ္ဍပ်တွင် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များနှင့် တစ်ပျော်တစ်ပါး ပျော်ရွှင်ရင်းနှီးစွာ ရေကစားခဲ့ကြကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် သံဖြူဇရပ်မြို့၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စည်ကားစွာ ရေကစားနေမှုများ၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ အတာရေစင် အမွှေးနံသာရေများ ပတ်ဖြန်းခဲ့ကြကာ ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။




