
မော်လမြိုင် သြဂုတ် ၂၃
မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်ရိုးရာခြင်းလုံးအားကစားသမားများ လူငယ်၊ လူရွယ်လေးများကို ရိုးရာ ခြင်းလုံးအားကစားနည်းအား လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်၍
၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြန်မာ့ ရိုးရာခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်းကို လူအများ စိတ်ပါဝင်စားပြီး ပါဝင် လာခြင်းဖြင့် မွန်ပြည်နယ်၏ရိုးရာခြင်းလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အတွက် ရိုးရာခြင်းလုံး ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ် အားကစားနည်းသည် အလွန်ပင်ရှေးကျတဲ့ အားကစားနည်း တစ်ရပ်ဖြစ်သလို လွန်စွာမှအကျိုးရှိတဲ့ စည်းလုံးညီညွှတ်မှု စွမ်းအားကို ပေးစွမ်းနိုင်တဲ့ အားကစားနည်း တစ်ခုဖြစ်ကြောင်း၊ ယခု ဒီပြိုင်ပွဲကနေ ထူးချွန်ပြီး အရည်အချင်းပြည့်မှီတဲ့ အားကစားသမား တွေကို စနစ်တကျရွေးချယ်၍ နည်းစနစ်မှန်မှန် စုစည်းလေ့ကျင့်မှုများ ပြုလုပ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲမှာမွန်ပြည်နယ် ရိုးရာခြင်းလုံးအသင်း အောင်မြင်မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင် ထားကြဖို့ မှာကြားလိုကြောင်း၊ မွန်ပြည်နယ်အနေဖြင့် နယ်ပယ်စုံ ၊ ကဏ္ဍစုံ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး အဆင့်မီဖွံ့ဖြိုးတိုးတက်စေရေးကို စနစ်တကျအစီအမံများဆောင်ရွက်လျက်ရှိသလို ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် ရိုးရာခြင်းလုံးအသင်းများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ရိုးရာခြင်းလုံးအသင်းများအား ဂုဏ်ပြုဆုငွေပေး အပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံး ပြိုင်ပွဲကို သြဂုတ် ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင် ရိုးရာခြင်းလုံးအားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယ ပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစား ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရဲ့ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ယနေ့နက်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအကျိုးဆော်ဆောင်အဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး”နှင့် “မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး”တို့အတွက် မျှော်မှန်းချက် ၊ ရည်မှန်းချက် များ ထားရှိ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတာကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှာ တက်ရောက်လျက် ရှိတဲ့ သင်တန်းသူ၊ သင်တန်းသားများအနေနဲ့လည်း အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့် အတန်းနှင့်အခြေအနေကိုဖော်ပြသည်”ဟူ၍လည်းကောင်း အားကစားဆိုင်ရာ ခံယူချက်များအဖြစ် သတ်မှတ်၍ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာ၏အလယ်တွင် အားကစားဖြင့် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်နိုင်သူများဖြစ်အောင် စိတ်ဓာတ်မြင့်မားစွာ ထားရှိပြီးတော့ ကြိုးစားကြရန်လိုပါကြောင်းနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာ၏အလယ်တွင် အားကစားဖြင့် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်နိုင်သူများဖြစ်အောင် စိတ်ဓာတ်မြင့်မားစွာ ထားရှိပြီးတော့ ကြိုးစားကြရန်လိုပါကြောင်း၊ ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေဖို့အတွက် နည်းပြဆရာများရဲ့ လေ့ကျင့်သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြပါ၊ ပညာရေးတွင် လည်း ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး လက်ဆောင်ပေးကြရန် လိုပါကြောင်းနှင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ထူးချွန်တဲ့ နိုင်ငံ့ဂုဏ်ဆောင် ပညာတက်အားကစားသမားကောင်းများ ဖြစ်လာအောင် အစွမ်းကုန်ကြိုစားကြပါလို့ တိုက်တွန်းမှာကြားဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအတွက် ထောက်ပံ့လှူဒါန်းငွေကျပ်(၁၀)သိန်းပေးအပ်ခဲ့မှုအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး တက်ရောက်လာသော သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွသုံးဆောင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အားကစားနည်း (၆)နည်းတွင် သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့် ကရင်ပြည်နယ်မှ (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၈)ဦး၊ မွန်ပြည်နယ်မှ (၇၅)ဦးတို့ တက်ရောက်လျက်ရှိကြောင်းသိရှိရသည်။







